နိုင်ငံအတွင်း လုပ်ငန်းဆက်လည်ပတ်ချင်ရင် နိုင်ငံခြားနည်းပညာကုမ္ပဏီကြီးတွေအနေနဲ့ ရုရှားမှာ ရုံးစိုက်ကြဖို့ အစိုးရအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
၂၀၂၁ နှစ်ကုန်ကစပြီး Apple နဲ့ အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေဟာ ရုရှားနိုင်ငံအတွင်း ဆက်ပြီး လုပ်ငန်းလည်ပတ်ချင်တယ်ဆိုရင် ဒေသတွင်းရုံးတွေ ဖွင့်လှစ်ဖို့ ရုရှားအစိုးရက အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။ Apple အပါအဝင် နိုင်ငံခြားနည်းပညာကုမ္ပဏီ ၁၃ ခုဟာ ဒီအမိန့်ကို မလိုက်နာရင်တော့ ကုမ္ပဏီတွေ ပိတ်တာမျိုး လုပ်မယ်လို့လည်း အစိုးရအာဏာပိုင်တွေက ပြောထားပါတယ်။
Photo: timesofmalta
ဒီသတင်းကို Reuters က ပထမဆုံး သတင်းတင်ဆက်ခဲ့တာ ဖြစ်ပြီး သတင်းအရ ရုရှားဆက်သွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးမှူး Roskomnadzor က ရုရှားအစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရယ့် ကုမ္ပဏီစာရင်းကို ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ညွှန်ကြားချက်အတိုင်း ၂၀၂၂ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ရုရှားမှာ ရုံးဖွင့်ဖို့ ပျက်ကွက်တဲ့ကုမ္ပဏီတွေတွေကို ကြော်ငြာခြင်း ၊ အချက်အလက်ကောက်ယူခြင်း ၊ ငွေလွှဲခြင်းတွေ ကန့်သတ်တာ ၊ အပြီးတိုင် ပိတ်သိမ်းတာမျိုး ဒဏ်ခတ်အရေးယူမယ်လို့လည်း ပါရှိပါတယ်။
ရုရှားအစိုးရ ပစ်မှတ်ထားတဲ့ နိုင်ငံခြားနည်းပညာကုမ္ပဏီကြီးတွေထဲမှာ Apple အပြင် Facebook ၊ Google ၊ TiKTok ၊ Twitter နဲ့ Telegram တို့လည်း ပါဝင်နေပါတယ်။ Aple ဟာ မိုဘိုင်း App ဈေးကွက်အရှိန်အဝါသုံးပြီး ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် ရုရှား ဖက်ဒရယ် Antimonopoly Service အဖွဲ့ FAS ကဒေါ်လာ ၁၂ သန်း ဒဏ်ရိုက်တာ ခံထားရပါတယ်။ အမေရိကန်ကုမ္ပဏီတွေကို အဓိကထားပြီး ညွှန်ကြားတဲ့ ဒီအမိန့်ဟာ ရုရှားအစိုးရရဲ့ ဒေသတွင်း နည်းပညာကဏ္ဍခိုင်မာအောင် မြှင့်တင်ရေးဆိုင်ရာ ကြိုးပမ်းချက်တစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ရုရှားအစိုးရဟာ ဒေသတွင်းအိုင်တီကုမ္ပဏီတွေအပေါ် အခွန်လျှော့ကောက်ခြင်း ၊ နိုင်ငံခြား Digital Services တွေအတွက် အခွန်သတ်မှတ်ခြင်းနဲ့ ရုရှားမှာ ရောင်းချတဲ့ အီလက်ထရွန်းနစ်ပစ္ဏည်းတွေမှာ ရုရှား ဆော့ဖ်ဝဲလ် pre-installed ပါဝင်ရမယ်လို့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ Roskomnadzor ကတော့ ရုရှားမှာ ရုံးတွေ ဖွင့်တာအပြင် ရုရှားတရားဥပဒေကို ချိုးဖောက်တဲ့ သတင်းအချက်အလက်ရယူမှုအပေါ် ကန့်သတ်ဖို့ပါ ကုမ္ပဏီတွေဘက်က သဘောတူရမယ်လို့ ပြောထားပါတယ်။