Samsung Display က Apple ဆီက အော်ဒါအများဆုံးရထားတာပါ

iPhone သစ်တွေ ရောင်းတိုင်း Samsung က ပိုက်ဆံရနေတော့မှာပါ။ 

တောင်ကိုရီးယားကုမ္ပဏီ Samsung Display ဟာ Apple ဆီက နောက်ထပ် Panel အော်ဒါတွေ ထပ်ရထားပြီး တိုးမြင့်လာတဲ့ ဝယ်လိုအားနဲ့အညီ ထုတ်လုပ်နိုင်ဖို့ ထုတ်လုပ်ရေးပစ္စည်းတွေပါ ထပ်ဝယ်ထားတယ်လို့ ဆိုပါတယ်။ Apple ထုတ် iPhone 14 Pro Max သစ်ဟာ ကုမ္ပဏီရဲ့ ရောင်းအားမျှော်မှန်းချက်ကို ကျော်လွန်ခဲ့တာကြောင့် ပြိုင်ဘက် Suppliers တွေထက် ထုတ်လုပ်ရေး အမှားပိုကင်းတဲ့ Samsung Display ကိုပဲ နောက်ထပ် LTPO OLED panels တွေ အော်ဒါအပ်သွားမှာပါ။ 





Samsung Display ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ AP Systems ၊ HB Solution နဲ့ Philoptics ကုမ္ပဏီတွေဆီက ပစ္စည်းအစိတ်အပိုင်းတွေ ထပ်မှာထားတယ်လို့ ဆိုပါတယ်။ ဒီကုမ္ပဏီတွေဆီက ပစ္စည်းတွေဟာ Display Panel တွေ ထုတ်လုပ်နေတဲ့ ဗီယက်နမ်က Samsung Display စက်ရုံဆီ ရောက်လာတော့မှာပါ။ ပို့လာတဲ့ ပစ္စည်းတွေထဲမှာ လေဆာဖြတ်စက်တွေ ၊ ဘေးဘောင်အလင်းပိတ် materials ၊ မှန်ပြင်‌ Resin အကြည်သား ကပ်တဲ့ပစ္စည်းတွေ စသည်ဖြင့် panel ထုတ်လုပ်ရေးအတွက် လိုအပ်တာတွေ ပါဝင်လာမှာပါ။

ကုမ္ပဏီအနေနဲ့ Apple ရဲ့ တိုးမြှင့်လာတဲ့ iPhone OLED Panel အော်ဒါအမှာစာကြောင့် အရင် panel ပြား သန်း ၁၃၀ ကနေ ၁၄၉ သန်းအထိ ထုတ်လုပ်တင်ပို့ရဖို့ မျှော်လင့်ထားပါတယ်။ Samsung Display ဟာ iPhone display Supplier တွေထဲမှာ သက်တမ်းအရှည်ဆုံး LTPO OLED Panel ထုတ်လုပ်ရေးအတွေ့အကြုံရှိထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်က Galaxy Note 20 Ultra အတွက် ပထမဆုံးအကြိမ် LTPO OLED ထုတ်ချိန်က ထုတ်လုပ်ရေးပြဿနာတချို့ ရှိခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ထုတ်လုပ်ရေးပြဿနာ မတက်ခဲ့ဘဲ တည်ငြိမ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

iPhone 14 Pro Max တွေကို အဝယ်လိုက်အောင် ဒီဇိုင်းပြောင်းခဲ့တဲ့ Apple ရဲ့ နည်းဗျူဟာ အလုပ်ဖြစ်တာကြောင့် ဒီနှစ်ထွက် iPhone သစ်တွေထဲမှာ iPhone 14 Pro Max မော်ဒယ်က ရောင်းအားအကောင်းဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ နာမည်ကျော် Apple ရေးရာ ဆန်းစစ်လေ့လာသူ မင်ချိကုအိုကလည်း iPhone 14 Pro Max ဝယ်လိုအားဟာ အရင်နှစ် iPhone 13 Pro Max တွေထက် အဝယ်ပိုလိုက်နေပြီး ရိုးရိုး iPhone 14 နဲ့ iPhone 14 Plus တွေက ရောင်းအားသိပ်တက်လာတာ မရှိဘူးလို့ ဆိုပါတယ်။ 

မင်ချိကုအိုရဲ့အချက်အလက်တွေအရ Plus မော်ဒယ်ဟာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ iPhone 13 Mini ထက်တောင် ဝယ်လိုအားနည်းနေတယ်လို့ ဆိုပါတယ်။ Mini ဗားရှင်းဟာ ဝယ်လိုအားနည်းခဲ့လို့ ဖျက်သိမ်းလိုက်တဲ့ မော်ဒယ်ဖြစ်ပါတယ်။ iPhone 14 Plus မော်ဒယ်ရဲ့ လက်ရှိ ဝယ်လိုအားဟာ ဒီနှစ်ထက် iPhone SE သစ်ထက်တောင် သိသိသာသာ ဆိုးနေတယ်လို့ ပြောပါတယ်။ A15 Bionic Chipset ဟောင်းသုံး iPhone 14 ရိုးရိုးမော်ဒယ်တွေသာ ဝယ်လိုအားနည်းနေမယ်ဆိုရင် လာမယ့်သီတင်းပတ်တွေမှာ Apple ဟာ ဒီမော်ဒယ်တွေအတွက် ထုတ်လုပ်တင်ပို့မှုအားကို လျှော့ချသွားဖို့ ရှိပြီး Pro မော်ဒယ်နှစ်ခုအတွက် ပစ်မှတ်ပိုထားဖို့ ရှိပါတယ်။ 



ဒီနှစ်အတွက် iPhone သစ်တွေရဲ့ panel အော်ဒါ စုစုပေါင်း ၈၂% ကို Samsung Display က ရရှိထားပြီး ဒီရာခိုင်နှုန်းဟာ အခုတိုင်းဆို ပိုမြင့်မားလာဖို့လည်း ရှိပါတယ်။ Apple ဟာ Samsung Display အပြင် တောင်ကိုရီးယားကုမ္ပဏီ LG Display နဲ့ တရုတ် BOE Display ကုမ္ပဏီတွေဆီကပါ အော်ဒါ မှာထားတာ ဖြစ်ပါတယ်။ LG Display ဟာ နည်းပညာပိုင်းစိန်ခေါ်မှုတွေ ကြုံတွေ့နေတာကြောင့် ထုတ်လုပ်ရေးကြန့်ကြာနေပြီး ဒီလထဲမှာမှ Panels တွေ စပြီး ထုတ်လုပ်ဖို့ ရှိပါတယ်။ 

တရုတ် display ကုမ္ပဏီ BOE လည်း panel ထုတ်လုပ်ရေးမှာ ပြဿနာတက်ခဲ့တာကြောင့် ဒီနေ့အထိ iPhone 14 Panel အော်ဒါအားလုံးရဲ့ ၆% ပဲ ထုတ်လုပ်ခွင့်ရထားတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က