ဂြိုလ်တုစီးပွားရေးထဲ Apple ရောက်လာမလား

Apple ဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေနဲ့ ဂြိုလ်တုအကြား အချက်အလက်များ ပေးပို့နိုင်မယ့် နည်းလမ်းသစ် ရှာဖို့ အဖွဲ့တစ်ဖွဲ့ တည်ထောင်ထားတယ်လို့ ဆိုပါတယ်။

Bloomberg News ကတော့ ဒီအဖွဲ့မှာ အာကာသပိုင်း ၊ ဂြိုလ်တုနဲ့ အန်တနာဒီဇိုင်း နယ်ပယ်က ဒါဇင်နဲ့ချီတဲ့ အင်ဂျင်နီယာတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ပဏာမအဆင့်မှာပဲ ရှိသေးတဲ့ ဒီပရောဂျက်ဟာ လျှို့ဝှက်ထားတဲ့ အဆင့်မှာပဲ ရှိသေး သလို ဆက်လုပ်ချင်မှလည်း လုပ်ဖြစ်မယ်လို့ ဒီသတင်းက ဆိုပါတယ်။



Photo: CNBC

Apple အနေနဲ့ ကိုယ်ပိုင်ဂြိုလ်တုတစ်ခုကို တည်ဆောက်သွားမှာလား ဒါမှမဟုတ် လက်ရှိဂြိုလ်တုတွေပဲ သုံးသွားမလားဆိုတာတော့ မသိရသေးပါဘူး။ သတင်းတွေကတော့ Apple အနေနဲ့ ကြိုးမဲ့တယ်လီကွန်း carriers တွေပေါ် မှီခိုမှုလျှော့ချပြီး ထုတ်ကုန်တွေနဲ့ တိုက်ရိုက် အချက်အလက် ပေးပို့နိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီနည်းပညာဟာ ပုံမှန် ကြိုးမဲ့ကွန်ရက်စနစ်ကို ရှောင်လွှားနိုင်ပြီး မြေပုံနဲ့ တည်နေရာခြေရာခံစနစ်မျိုး လုပ်ဆောင်ရာမှာ ပိုမိုကောင်းမွန်လာဖို့ ရှိပါတယ်။ လက်ရှိမှာ Apple ဟာ Google ရဲ့ ဂြိုလ်တုအင်ဂျင်နီယာပိုင်း အကြီးအကဲဟောင်းနဲ့ အာကာသအော်ပရေးရှင်း အကြီးအကဲဟောင်း မိုက်ကယ် ထရီလာနဲ့ ဂျွန်ဖန်းဝစ်ခ်တို့ကို အလုပ်ခန့်ထားပါတယ်။


Photo: heraldplanet

Bloomberge ရဲ့ အဆိုအရ Apple ဟာ ကြိုးမဲ့ကွန်ရက် ပစ္စည်းအစိတ်အပိုင်းတွေ ရောင်းချနေတဲ့ Ettus Research တည်ထောင်သူ မတ်အက်တက်စ်ကိုလည်း ခေါ်ယူထားတယ်လို့ ဆိုပါတယ်။ ၅ နှစ်အတွင်း ဂြိုလ်တုနည်းပညာကို အသုံးချနိုင်ရေး ရည်မှန်းချက်နဲ့ လုပ်ဆောင်နေတဲ့ Apple ရဲ့ ယခု ပရောဂျက်ဟာ Space X နဲ့ Amazon တို့ရဲ့ အာကာသစီမံကိန်းတွေနဲ့ အပြိုင် ဖြစ်လာဖို့ ရှိပါတယ်။

၂၀၁၉ နှစ်ဆန်းပိင်းကပဲ Amazon ရဲ့ Project Kuiper ဟာ တစ်ကမ္ဘာလုံး အင်တာနက် access ပေးနိုင်ဖို့အတွက် ဂြိုလ်တုအလုံးရေ ၃၂၃၆ လုံးနဲ့ ကွန်ရက်တစ်ခု တည်ဆောက်သွားမယ်လို့ ကြေညာထားပါတယ်။ Apple ကတော့ ဂြိုလ်တုစီးပွားရေးမှာ ပါဝင်မယ် မပါဝင်ဘူး ပြောမထားပေမယ့် သုတေသနနဲ့ ဖွံ့ဖြိုးရေးပိုင်းမှာ ဒီနှစ်အတွင်း ၁၄% ပိုတိုးပြီး ဒေါ်လာ ၁၆ ဘီလျံအထိ သုံးထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က