နာမည်ကျော် Apple Watch နာရီနဲ့ ယှဉ်နိုင်မယ့် ၃၄၉ ဒေါ်လာတန် စမတ်နာရီထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ ပရောဂျက်တစ်ခုကို Meta ကုမ္ပဏီဟာ ရပ်ဆိုင်းလိုက်ပြီ လို့ ဆိုပါတယ်။
Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကိုယ်ပိုင်စမတ်နာရီတစ်မျိုး ထုတ်လုပ်ဖို့ ကြံစည်ထားတဲ့ ၂ နှစ်ကြာ ပရောဂျက်တစ်ခုကို ဖျက်သိမ်းလိုက်တာလို့ Bloomberg သတင်းက ဖော်ပြပါတယ်။ Bloomberg ကို ပြောတဲ့ သတင်းအရင်းအမြစ်တစ်ခုရဲ့ အဆိုအရ Milan လို့ ခေါ်တဲ့ စမတ်နာရီ ထုတ်လုပ်ရေး ပရောဂျက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဟာ ဒီတစ်ပတ်ထဲမှာပဲ ပရောဂျက်ရပ်ဆိုင်းကြောင်း အသိပေးချက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
Milan ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ စမတ်နာရီထုတ်လုပ် ရောင်းချဖို့ ပစ်မှတ်ထားနေတဲ့ ပရောဂျက်တစ်ခုဖြစ်ပြီး အနည်းဆုံး ၂ နှစ်ကြာ လည်ပတ်ခဲ့တာလို့လည်း သတင်းအရင်းအမြစ်က ပြောပါတယ်။ ပရောဂျက်ရဲ့ နမူနာရှေ့ပြေးပုံစံ စမတ်နာရီ Prototype မှာ ရှေ့ကင်မရာတစ်လုံး ၊ နောက်ဘက် ကင်မရာတစ်လုံး - စုစုပေါင်း ကင်မရာနှစ်လုံး ပါတယ်လို့လည်း Bloomberg သတင်းက ဖော်ပြပါတယ်။
ဒီစမတ်နာရီကို Meta ရဲ့ ထုတ်ကုန်ထုတ်လုပ်ရေးဌာနတစ်ခု ဖြစ်တဲ့ Reality Labs ကနေ ဖန်တီးခဲ့တာပါ။ Reality Labs ကုမ္ပဏီ CEO မတ်ခ်ဇူကာဘတ်ရဲ့ Metaverse မျှော်မှန်းချက်နဲ့ ကိုက်ညီတဲ့ ထုတ်ကုန်သစ်တွေ တီထွင်နေတာ ဖြစ်ပြီး ဘတ်ဂျက်ကြောင့် မေလထဲမှာ ကုမ္ပဏီအနေနဲ့ ပရောဂျက်အများအပြားတီထွင်ရေးမှာ ရင်းနှီးမြှပ်နှံမှု အရှိန်လျှော့ချတော့မယ်လို့ မတ်ခ်ဇူကာဘတ်က ပြောကြားခဲ့ပါတယ်။
Meta ဟာ Reality Labs ပရောဂျက်တွေအတွက် ငွေကြေး သုံးစွဲမှုစရိတ် လျှော့ချလာနေတဲ့အကြောင်းလည်း Reuters သတင်းက မေလထဲမှာ ဖော်ပြခဲ့ပါတယ်။ Metaverse စီမံကိန်းတွေအပေါ် Meta ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်လာ ၁၀ ဘီလျံအထိ သုံးစွဲခဲ့ပါတယ်။ မတ်ခ်ဇူကာဘတ်ကလည်း Metaverse နည်းပညာ ဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှပ်နှံတာဟာ အနည်းဆုံး ၃ နှစ်လောက် ငွေပင်ငွေရင်း သိသိသာသာ ဆုံးရှုံးနိုင်ခြေရှိတယ်လို့လည်း ရှယ်ယာရှင်တွေကို ပြောထားပါတယ်။
လောလောဆယ်မှာတော့ ဝင်ငွေဖွံ့ဖြိုးမှုနှေးကွေးလာတာကြောင့် ကုမ္ပဏီအနေနဲ့ ဝန်ထမ်းသစ် ခေါ်ယူမှု ရပ်နားထားပါတယ်။