၄၁ နဲ့ ၄၅ မီလီမီတာ မော်ဒယ်တွေ မိတ်ဆက်သွားမှာပါ

အသစ်ထွက်လာမယ့် Apple Watch နာရီသစ်တွေဟာ အရင်မော်ဒယ်တွေထက် အရွယ်အစားပိုကြီးတဲ့ Screen နဲ့လာမယ်လို့ ဆိုပါတယ်။

           Apple Watch Series 7 သစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို Bloomberg က ဖော်ပြထားတာပါ။ ဒီသတင်းရဲ့အဆိုအရ Apple ဟာ Series 7 စမတ်နာရီသစ်တွေရဲ့ Screen Size ကို လက်ရှိ ၄၀ မီလီ နဲ့ ၄၄ မီလီမီတာ အရွယ်အစားကနေ ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာကို ပြောင်းပြီး ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ ၄၅ မီလီမီတာ မော်ဒယ် Watch Series 7 သစ်ရဲ့ ကန့်လန့်ဖြတ်နာရီမျက်နှာပြင် အရွယ်အစားဟာ ၁.၉ လက်မ ရှိမှာပါ။ အရင် ၄၄ မီလီမီတာ Apple Watch တွေရဲ့ screen size ဆိုဒ်က ၁.၇၈ လက်မ ရှိပါတယ်။




Photo: wccftech

           Pixel ရုပ်ထွက်အနေနဲ့ ၄၄ မီလီမီတာ မော်ဒယ်တွေမှာ သုံးတဲ့ 368 x 448p ကနေ 396 x 484p အထိ ပိုမြှင့်ထားလို့ pixel ပမာဏ ၁၆% ပိုများလာမယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ၄၁ မီလီမီတာ မော်ဒယ်အကြောင်း သတင်းမှာ အသေးစိတ်ဖော်ပြမထားပေမယ့် နာရီအိုးအရွယ်အစား အရင်မော်ဒယ်ထက် ပိုကြီးပြီး display ဘေးသားတွေ ပါးလာဖို့ ရှိပါတယ်။

           နောက်ထပ်သတင်းတစ်ခုက Apple ဟာ Watch Series 7 မော်ဒယ်သစ်တွေမှာ Watch Face သစ်တွေ အများအပြားလည်း ထည့်သွင်းလာမယ်လို့ ဆိုပါတယ်။ Modular Max ဒိုင်ခွက်ပုံစံမှာဆို အပူချိန်တိုင်းတာမှုလိုမျိုး လုပ်ဆောင်ချက်လေးတွေကို ဒစ်ဂျစ်တယ်အချိန်ပြစနစ်နဲ့ လာပြီး တခြား ပိုကြီးမားတဲ့ သတင်းအချက်အလက်ပြစနစ်တွေကို ဒိုင်ခွက်အောက်ခြေ တစ်ဖက်တစ်ချက်မှာ စီထားမှာပါ။

           Continuum ဒိုင်ခွက်ပုံစံမှာ အချိန်နဲ့ လက်ရှိနာရီအနေအထားပေါ်လိုက်ပြီး အပြောင်းအလဲလုပ်ပေးနိုင်မှာပါ။ ကမ္ဘာ့စံချိန် watch face သစ်ဟာ Time Zone ၂၄ ခုစလုံးက အချိန်နာရီတွေကို တပြိုင်တည်း ကြည့်လို့ရအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။ အပို ဒိုင်ခွက်တစ်ခုကလည်း time zone တွေ ပြပြီး အတွင်း ဒိုင်ခွက်တစ်ခုက တည်နေရာတစ်ခုချင်းစီက လက်ရှိအချိန်တွေ ဖော်ပြသွားမှာပါ။ ဒီ Watch Face က နာမည်ကြီး Luxury နာရီကုမ္ပဏီတွေဖြစ်တဲ့ Patek Philippe ၊ Breitling နဲ့ တခြားနာရီတွေရဲ့ ကျော်ကြားလှတဲ့ ဒိုင်ခွက်ပုံစံနဲ့ ဆင်မယ်လို့လည်း ဆိုပါတယ်။


Photo: wccftech


           နာရီပတ်သူရဲ့ လှုပ်ရှားမှုပေါ် လိုက်ပြီး ပြောင်းပေးတဲ့ ဂဏန်းတွေပါတဲ့ Nike Watch Face ဒိုင်ခွက်ပုံစံ ၊ တစ်နာရီနဲ့ တစ်နာရီ မတူအောင် ပြောင်းပေးတဲ့ ဂဏန်းတွေပါတဲ့ Hermes ဒိုင်ခွက်ပုံစံစတဲ့ Watch Face သစ်တွေလည်း Watch Series 7 မှာ မြင်တွေ့ရဖို့ ရှိပါတယ်။ Apple Watch Series 7 ဟာ S7 chips သစ်သုံးထားပြီး iPhone 13 လို့ လေးထောင့်စပ်စပ်ဘောင် flat-edge ဒီဇိုင်းနဲ့ လာဖို့ ရှိပါတယ်။ Health Features သစ် အပြောင်းအလဲတော့ သိပ်တွေ့ရဖို့ မရှိပါဘူး။

           Apple Watch Series 7 နာရီသစ်တွေကို စက်တင်ဘာလ iPhone သစ် မိတ်ဆက်ပွဲမှာ မိတ်ဆက်သွားဖို့ ရှိပေမယ့် ထုတ်လုပ်မှု ပြဿနာတွေကြောင့် ဈေးကွက်ထဲ တင်ပို့မှုတော့ ကြန့်ကြာဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က