Apple ရဲ့ နောက်ထပ် စမတ်နာရီသစ်မှာ အဖျားတိုင်းနိုင်တဲ့နည်းပညာ ပါနိုင်ခြေမရှိဘူးလို့ ဆိုပါတယ်။
Apple ဟာ ပြီးခဲ့တဲ့နှစ်က ထွက်တဲ့ Apple Watch Series 7 မှာ ကိုယ်အပူချိန်တိုင်း Sensor တစ်ခု ထည့်သွင်းဖို့ စဉ်းစားခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူးလို့ နာမည်ကြီး Bloomberg သတင်းထောက် မာ့ခ်ဂါးမန်းက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာတော့ Apple ဟာ ၂၀၂၂ ထုတ် Apple Watch Series 8 မှာ ကိုယ်အပူချိန်တိုင်းအာရုံခံ ထည့်သွင်းလာနိုင်တယ်လို့ ဂါးမန်းက ခန့်မှန်းခဲ့တာပါ။
Photo: Mashable
နာမည်ကျော် Apple Analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုကလည်း Apple Watch Series 8 ရဲ့ Feature သစ်တစ်ခုအဖြစ် ကိုယ်အပူချိန်တိုင်းအာရုံခံစနစ် ပါလာမယ်လို့ ယူဆခဲ့တာပါ။ Apple Watch Series 8 မှာ ကိုယ်အပူချိန်တိုင်းစနစ်အပြင် သွေးဖိအားတိုင်းနည်းပညာနဲ့ သွေးတွင်းသကြားဓါတ် စစ်ဆေးတဲ့ Sensor တွေ ပါလာမယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မာ့ခ်ဂါးမန်းရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ Power On သတင်းလွှာမှာ ဒီ Features တွေကို Apple Watch နာရီသစ်မှာ မျှော်လင့်မထားသင့်ဘူးလို့ ဖော်ပြထားပါတယ်။
"ကိုယ်အပူချိန်တိုင်းတာမှုက ဒီနှစ်အတွက် လမ်းပြမြေပုံပါ။ ဒါပေမယ့်လည်း ဒီအကြောင်းပြောရရင် မကြာသေးခင်ကပဲ အရှိန်ကျသွားပါတယ်။ သွေးဖိအားတိုင်းစနစ်က အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်ကြာဦးမှာပါ။ တကယ်လို့ ဆယ်စုနှစ် ဒုတိယတစ်ဝက်နောက်ပိုင်းမှာတောင် ဂလူးဂို့စ်တိုင်းတာစနစ် ပါမလာရင်လည်း ကျွန်တော်ဖြင့် အံ့အားသင့်မှာ မဟုတ်ပါဘူး" လို့ မာ့ခ်ဂါးမန်းက ဆိုပါတယ်။
၂၀၂၀ ကစပြီး ဝတ်ဆင်နိုင်တဲ့ထုတ်ကုန်တွေမှာ ကိုယ်အပူချိန်တိုင်းစနစ် သုံးနိုင်မလားဆိုပြီး အများက စိတ်ဝင်စားနေကြတာပါ။ ကိုယ်အပူချိန်တိုင်းတာတဲ့ လုပ်ဆောင်ချက်ကြောင့် စမတ်နာရီတွေဟာ COVID-19 အခြေအနေ ထောက်လှမ်းနိုင်မလားဆိုတာကိုပါ သုတေသီတွေက ကြိုးပမ်းလေ့လာနေကြပါတယ်။
လက်ရှိမှာတော့ ကိုယ်အပူချိန်တိုင်း Sensor တွေကို အိပ်စက်မှုနဲ့ နလန်ထအခြေအနေ စောင့်ကြည့်ခြေရာခံရာတွေမှာ အများဆုံး သုံးနေသလို နောက်ပိုင်းမှာ အဖျားရောဂါရှိမရှိပါ ထောက်လှမ်းနိုင်မှာပါ။