Developers တွေဆီကနေ App Store ဖြတ်ယူတဲ့ အခွန်ခ ၃၀% နှုန်းဟာ များလွန်းတယ်လို့ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က Twitter ပေါ်မှာ ဝေဖန်လိုက်ပါတယ်။
Apple App Store ပေါ်ကနေ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁ သန်းနဲ့ အထက်ရတဲ့ App Developer တွေဆီကနေ Apple ဟာ အခွန် ၃၀% ကောက်ခံထားပြီး ဒီလောက် မဝင်တဲ့ Developers ငယ်တွေကိုတော့ Small Business Developer Program ကနေ ၁၅% ကောက်ပါတယ်။ အီလွန်မတ်စ်ကတော့ ၃၀% အခွန်ဟာ ဖြစ်သင့်တာထက် ၁၀ ဆ ပိုများတယ်လို့ Twitter ကနေ ဝေဖန်ပါတယ်။
"Apple ရဲ့ Store က အင်တာနက်ပေါ်ကနေ အခွန် ၃၀% ကောက်နေသလိုပဲ။ ဒါက လုံးဝ အဆင်မပြေပါဘူး။ ပြောရရင် ဖြစ်သင့်တာထက် ၁၀ ဆ ပိုများနေတာပါ" လို့ မတ်စ်က Tweet မှာ ရေးထားပါတယ်။
App Developer နဲ့ Apple တို့ ၇၀-၃၀ ခွဲယူတဲ့ကိစ္စကို အကြောင်းပြုပြီး နာမည်ကျော် Fortnite ဂိမ်းထုတ်လုပ်သူ Epic Games နဲ့ Apple တို့ရဲ့ တရားတဘောင်ကိစ္စမှာလည်း မတ်စ်က Epic Games ဘက်က ရပ်တည်ခဲ့ပါတယ်။ ဂိမ်းထဲမှာ တိုက်ရိုက် In-app ငွေပေးချေရေးစနစ် ထည့်သွင်းတဲ့ Epic Games ကို Apple က App Store ပေါ်က ဖြုတ်ချခဲ့သလို ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ Apple ကို Epic Games ဘက်က တရားစွဲခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ ဒီအမှုမှာ မတ်စ်က “Apple App Store ကြေးတွေဟာ တကယ်တမ်းတော့ အင်တာနက်ပေါ်က ကမ္ဘာ့အခွန်လိုပါပဲ။ Epic မှန်တယ်” ဆိုပြီး Tweet တင်ခဲ့ပါတယ်။ အမှုကို စစ်ဆေးချိန်မှာ Apple ဟာ Fortnite ဂိမ်း In-App ဝယ်ယူမှုတွေပေါ်ကနေ ကော်မရှင်ကြေး အနည်းဆုံး ဒေါ်လာသန်း ၁၀၀ ရခဲ့တယ်လို့ ကုမ္ပဏီအမှုဆောင်တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။