RAM 16GB ၊ RealityOS သစ်နဲ့ လာမယ်လို့ သတင်းထွက်နေပါတယ်

iPhone တွေရဲ့ အနာဂါတ်လို့ ဆိုကြတဲ့ AR/VR Headset သစ်ကို နောက်နှစ်ထဲမှာ Apple က မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ 

အမြင် ၊ အသံ ၊ အထိအတွေ့ တုန်ခါမှုစတဲ့ အာရုံခံနည်းလမ်းတွေကနေ ကွန်ပျူတာနည်းပညာနဲ့ ဖန်တီးထားတဲ့ အချက်အလက်တွေ မျှဝေတဲ့ Augmented Reality (AR) နည်းပညာနဲ့ တကယ့်အပြင်လောကအတိုင်း ပုံဖော်ပေးနိုင်တဲ့ Virtual Reality (VR) နည်းပညာတွေဟာ စမတ်ဖုန်းအလွန် နောက်ထပ်ခေတ်တစ်ခေတ် ဖြစ်လာမယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်။ 




စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာလည်း AR/VR နှစ်မျိုးစလုံး ခံစားနိုင်တဲ့ Mixed Reality Headset ဘက်ကို ကူးပြောင်းဖို့ ပြင်နေကြပါတယ်။ နာမည်ကျော် iPhone ကုမ္ပဏီ Apple ဟာ လာမယ့်နှစ်ပိုင်းလောက်မှာ ကုမ္ပဏီရဲ့ ပထမဆုံး AR/VR Headset ကို ကြေညာသွားမယ်လို့ သတင်းထွက်နေပါတယ်။ Apple CEO တင်မ်ကွတ်ကလည်း ပြီးခဲ့တဲ့တစ်ပတ် China Daily နဲ့ အင်တာဗျူးမှာ "စောင့်ကြည့်ပေးကြပါ။ ကျွန်တော်တို့ ဘယ်ထုတ်ကုန် ထုတ်သွားမယ်ဆိုတာကို တွေ့ရပါလိမ့်မယ်" လို့ ပြောထားပါတယ်။ 

Apple ရဲ့ MR Headset ဟာ အဆင့်မြင့် Flagship M2 Processor သစ်နဲ့ ထွက်လာဖို့ ရှိတယ်လို့ Bloomberg သတင်းထောက် မာ့ခ်ဂါးမန်းရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ မာ့ခ်ဂါးမန်းရဲ့ Power On Newsletter ထဲမှာ Apple MR Headset သစ်ဟာ WWDC 2022 မှာ မိတ်ဆက်သွားတဲ့ M2 Silicon Chip နဲ့အတူ RAM 16GB သုံးလာမယ်လို့ ပြောထားပါတယ်။ Apple ရဲ့ ကိုယ်ပိုင် Chipset နည်းပညာသစ်ဖြစ်တဲ့ M2 Processor ဟာ လက်ရှိထွက်ထားတဲ့ M1 Chip ထက် CPU ပိုင်းမှာ ၁၈% နဲ့ GPU စွမ်းဆောင်ရည် ၃၅% ပိုသွက်လက်မြန်ဆန်မှု ရှိမယ်လို့ ကြေညာထားပါတယ်။ 


ဂါးမန်းရဲ့ အဆိုဟာ Supply Chain ဈေးကွက်ဆန်းစစ်သူ မင်ချိကုအိုရဲ့ ပြောကြားချက်နဲ့တော့ ကွဲပြားနေပါတယ်။ မင်ချိကုအိုက Apple Headset သစ်ဟာ M1 Chip လုပ်ဆောင်ချက်မျိုးနဲ့ Processor တစ်ခုအပြင် ထုတ်ကုန်မှာပါတဲ့ အာရုံခံ Sensor တွေဆီက အချက်အလက်တွေကို ကိုင်တွယ်ဖြေရှင်းမှုလုပ်ဖို့ သီးသန့် ဒီဇိုင်းထုတ်ထားတဲ့ နောက်ထပ် Low-End Processor တစ်ခုလည်း ပါမယ်လို့ ပြောထားတာပါ။ 

Apple ဟာ ကုမ္ပဏီရဲ့ Headset သစ်အတွက် RealityOS ဖြန့်ချိဖို့ပါ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ Apple Headset သစ်ကို လာမယ့်ဇန်နဝါရီလထဲမှာ မိတ်ဆက်မယ်လို့လည်း သတင်းတွေ ထွက်နေတာကြောင့် တရားဝင်အချက်အလက် သိရဖို့ နောက် ၆ လလောက် ထပ်စောင့်ရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က