၂၀၀၇ ခုနှစ်က မိတ်ဆက်သွားခဲ့တဲ့ Apple ရဲ့ ပထမဆုံးမျိုးဆက် Original iPhone တစ်လုံးကို ဒေါ်လာ ၃ သောင်းခွဲကျော်နဲ့ လေလံတင်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
ပါကင်မဖောက်ရသေးတဲ့ အသစ်အတိုင်းအသန့် iPhone ကို RR Auction လေလံကုမ္ပဏီက လေလံတင်ရောင်းချခဲ့တာပါ။ လေလံတင်ခဲ့တဲ့ Apple ရဲ့ ပထမဆုံးမျိုးဆက် Original iPhone ဟာ ပလတ်စတစ် Seat မဖောက်ရသေးတဲ့အတိုင်း ရှိနေပြီး ဒီရှားပါးထုတ်ကုန်ကို ဒေါ်လာ ၃၅၄၁၄ ဒေါ်လာနဲ့ လေလံဆွဲသွားခဲ့တာ ဖြစ်တယ်လို့ TechTimes က ဖော်ပြပါတယ်။ လေလံတင်ခဲ့တဲ့ iPhone ဟာ internal Storage 8GB နဲ့ လာပြီး ၂၀၀၇ ခုနှစ်ကဆို ဒီဖုန်းကို ၅၉၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားတာပါ။
စမတ်ဖုန်းလောကကို ပြောင်းလဲစေမယ့် သမိုင်းဝင်ထုတ်ကုန်တစ်ခုအဖြစ် စတိဗ်ဂျော့စ်ဟာ ပထမဆုံး iPhone ကို ၂၀၀၇ ဇန်နဝါရီလထဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ Touchscreen တစ်ခု ၊ 2MP ကင်မရာတစ်ခု ပါရှိတဲ့အပြင် Visual Voicemail စနစ် နဲ့ Web Browser တစ်ခု ပါလာတဲ့ ဒီဖုန်းဟာ မိုဘိုင်းလ်ဆက်သွယ်ရေးလောကကို ပြောင်းလဲပေးနိုင်ခဲ့သလို အောင်မြင်ကျော်ကြားလှတဲ့ ထုတ်ကုန်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
RR Auction ဟာ စက်ရုံထုတ်အတိုင်း ပလတ်စတစ် Seal မခွာရသေးတဲ့ original iPod ပါကင်လုံးတစ်လုံးလည်း ဒေါ်လာ ၂ သောင်းခွဲနဲ့ လေလံတင် ရောင်းချနိုင်ခဲ့တယ်လို့ Apple Insider သတင်းက ဖော်ပြပါတယ်။ လေလံတင်သွားတဲ့ iPod ဟာ သီချင်းအပုဒ်ရေ ၁၀၀၀ ထည့်သွင်းနိုင်မယ့် 5G Storage နဲ့ လာတာ ဖြစ်ပါတယ်။ နာမည်ကျော် Portable Music Player ထုတ်ကုန်တစ်ခုဖြစ်တဲ့ iPod ကို Apple ကုမ္ပဏီဟာ ၂၀၀၁ ခုနှစ်ထဲမှာ စတင် မိတ်ဆက်ခဲ့တာပါ။
အဲ့ဒီအချိန်က Sony ရဲ့ Walkman လိုမျိုး MP3 Players တွေ အကြီးအကျယ် ဈေးကွက်ပေါက်နေချိန်လည်း ဖြစ်ပါတယ်။ စတိဗ်ဂျော့စ်ရဲ့ iPod ထုတ်ကုန်ဟာ သီချင်းဂီတနားဆင်မှုကို ပုံစံသစ် ပြောင်းလဲပေးနိုင်ခဲ့သလို ဒီဂျစ်တယ်ဂီတရပ်ဝန်းတစ်ခု ဖန်တီးပေးရာမှာလည်း အခရာကျခဲ့တဲ့ ထုတ်ကုန်တစ်ခု ဖြစ်ခဲ့ပါတယ်။ iPod ထုတ်လုပ်မှုတွေကိုတော့ ဒီနှစ်ထဲမှာပဲ ရပ်ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ Apple က ကြေညာခဲ့ပါတယ်။
ဒီထုတ်ကုန်နှစ်ခုဟာ "Apple, Jobs, and Computer Hardware" လေလံနာမည်နဲ့ လေလံပစ္စည်းအမျိုးအစားပေါင်း ၇၀ လေလံတင်ပွဲမှာ ပါဝင်ခဲ့တဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။ RR Auction ဟာ ဒီပွဲမှာပဲ Apple တည်ထောင်သူ စတိဗ်ဂျော့စ်တို့ ရှေ့ပြေးနမူနာဒီဇိုင်းအဖြစ် ဖန်တီးခဲ့တဲ့ Apple-1 ကွန်ပျူတာ Circuit Board တစ်ခုကို ဒေါ်လာ ၆၇၇၁၉၆ ဒေါ်လာနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း လွန်ခဲ့တဲ့ ၄၅ နှစ်က Apple တည်ထောင်သူနှစ်ဦးဖြစ်တဲ့ စတိဗ်ဂျော့စ်နဲ့ စတိဗ်ဝေါ့ဇ်နိခ်တို့ ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ မူရင်း Apple ကွန်ပျူတာကို ဒေါ်လာ ၄ သိန်းနဲ့ လေလံအောင်သွားခဲ့ပါတယ်။
Apple တည်ထောင်သူ စတိဗ်ဂျော့စ်နဲ့ ပတ်သက်တဲ့ အောက်မေ့ဖွယ်အသုံးအဆောင်တွေဟာ ဒေါ်လာ သိန်းချီတန်တဲ့ အမှတ်တရပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ၁၉၇၃ ခုနှစ် စတိဗ်ဂျော့စ် ၁၈ နှစ်သားအရွယ်က အလုပ်လျှောက်လွှာတစ်စောင်ကို အွန်လိုင်းလေလံတစ်ခုမှာ ဒေါ်လာ ၃၄၃၀၀၀ (ရူပီး ၂.၅ ကုဋေခန့်) နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်လို့ The Indian Express သတင်းက ဖော်ပြခဲ့ပါတယ်။ ဒီအလုပ်လျှောက်လွှာဟာ စတိဗ်ဂျော့စ်ရဲ့ လက်ရေးနဲ့ ရေးသားထားတဲ့ အလုပ်လျှောက်ထားတာ ဖြစ်ပြီး ဂျော့စ်ရဲ့ဘဝမှာ ပထမဆုံးနဲ့ တစ်ခုတည်းသော အလုပ်လျှောက်လွှာဖြစ်တယ်လို့လည်း ဆိုပါတယ်။