ဒီတပတ်ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲလည်းဖြစ်၊ အကောင်းဆုံးပွဲလည်းဖြစ်လို့ ဆိုရမယ့် မန်စီးတီးနဲ့ လီဗာပူးလ်ပွဲကတော့ အကြိတ်အနယ်ရှိပြီး ပွဲကောင်းတပွဲဖြစ်ခဲ့ပါတယ်။ ဟာလန်းမပါဝင်နိုင်တဲ့ မန်စီးတီးတို့ တိုက်စစ်ပိုင်းမှာ အခက်တွေ့မယ်လို့ ထင်ခဲ့ရပေမယ့် ကွင်းလယ်ပိုင်းက တိုက်စစ်အားသန်ကစားသမားတွေကြောင့် လီဗာပူးလ်ကို အကောင်းဆုံးကစားနိုင်ခဲ့ကာ အမှတ်ပေးဖလားအတွက် သူတို့တွေ စိန်ခေါ်နိုင်ဆဲဆိုတာကို ပြသွားခဲ့ပါတယ်။
ဆာလာရဲ့သွင်းဂိုးနဲ့ မန်စီးတီးတို့ ဦးဆောင်နိုင်ခဲ့ပြီးနောက်မှာ ဒီပွဲက မန်စီးတီးအတွက် ခက်ခဲမယ်လို့ ထင်မှတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးတို့ အချိန်တိုအတွင်းမှာပဲ ချေပဂိုးပြန်သွင်းနိုင်ခဲ့ကာ ပွဲကြီးတွေဆို ခြေစွမ်းပြတတ်တဲ့ ဂရီလစ်ရှ်ရဲ့ ပါးနပ်တဲ့ ဖန်တီးပေးမှုကနေ အယ်လ်ဗာရက်ဇ်က သွင်းယူခဲ့တာပါ။ ပထမပိုင်းမှာ ၁-၁ ဖြစ်ခဲ့ပြီး လီဗာပူးလ်က ဖိအားပေးနိုင်ခဲ့သလို မန်စီးတီးကလည်း မြန်ဆန်တဲ့ တိုက်စစ်ကစားဟန်နဲ့ ပြန်ခြိမ်းခြောက်ခဲ့လို့ ကြည့်ကောင်းနေခဲ့ပါတယ်။
ဒုတိယပိုင်းစစချင်းမှာတော့ မန်စီးတီးတို့ ဦးဆာင်ဂိုးရသွားပြီး ဒီဘရိုင်းက ဘယ်ခြေနဲ့ အနီးကပ်သွင်းယူသွားခဲ့တာပါ။ ပွဲပြန်စစချင်းပေးလိုက်ရလို့ လီဗာပူးလ်တို့ အငိုက်မိခဲ့ရပြီး ဘာမှတောင်မကြာခင်မှာပဲ မန်စီးတီးအတွက် ဂန်ဒိုဂန်က နောက်တဂိုးထပ်သွင်းသွားလို့ ယာဂင်ကလော့ပ်လည်း မချိသွားဖြဲသာ ဖြစ်ခဲ့ရပါတယ်။ ဒီပွဲကို ဂွာဒီယိုလာက တော်တော်လေးအနိုင်ယူချင်နေပုံရပြီး သူ့အသင်းဂိုးသွင်းတိုင်းမှာ ပရိသတ်တွေဘက်လှည့်ကာ အားပါးတရအောင်ပွဲခံနေတာကို မြင်တွေ့ခဲ့ရပါတယ်။
၃-၁ ဖြစ်သွားလို့ ပွဲက ပြီးသလောက်ဖြစ်သွားပြီး လီဗာပူးလ်က ပထမပိုင်းလို ဟန်ချက်မညီတော့ဘဲ ဂိုးရဖို့လောနေတာတွေကြောင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ မန်စီးတီးကတော့ အာဆင်နယ်က လိဒ်နဲ့မကစားခင်မှာ အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီး အနီးကပ်ပြိုင်ဘက်ကို ရနိုင်သလောက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ၇၄ မိနစ်မှာတော့ ဂရီလစ်ရှ်က ပွဲကြီးတွေဆိုရင် ဂိုးသွင်းတတ်တဲ့ အလေ့အထအတိုင်း နောက်တဂိုးထပ်သွင်းကာ ၄-၁ နဲ့ ပွဲကို အပြီးသတ်လိုက်ပါတော့တယ်။ ဒါဟာ လီဗာပူးလ်တို့ ပြန်မလာနိုင်တော့မယ့် ဂိုးလည်း ဖြစ်သွားခဲ့ပါတယ်။
မန်စီးတီးကတော့ ခက်ခဲတဲ့ပွဲတပွဲကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဆုဖလားမျှော်လင့်ချက်ကို အသက်သွင်းနိုင်ဆဲဖြစ်ပါတယ်။ လီဗာပူးလ်အတွက်တော့ ဒီရှုံးပွဲက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို ပိုမိုဆိုးရွားစေခဲ့ကာ စိုးရိမ်စရာအနေအထားရောက်သွားခဲ့ပါပြီ။ ကလော့ပ်ရဲ့ အသင်းကို နောက်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ မြင်တွေ့ရဖို့အလားအလာက များလာခဲ့ပါပြီ။