အားလုံးပါဝင်ဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။

နေထူးနိုင်နဲ့ အတူ အနုပညာရှင်ပေါင်းများစွာ ပါဝင်တဲ့ သစ်ပင်စိုက်ပွဲကို ဇွန်လ ၁၈ ရက်နေ့ကျရင် ချောက်မြို့နယ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ သစ်ပင်စိုက်ပြီးရင်လည်း သေသေချာချာ ရှင်သန်ကြီးထွားအောင် ဆောင်ရွက်မှုတွေ အများကြီး လုပ်သွားဦးမယ်လို့ ဆိုပါတယ်။


Photo: Nay Htoo Naing


သရုပ်ဆောင်နေထူးနိုင် က လက်ရှိမှာ ချောက်မြို့နယ်အတွင်းမှာရှိတဲ့ အပူချိန်အမြင့်ဆုံးရှိတဲ့ နေရာတွေမှာ သစ်ပင်တွေ စိုက်ပျိုးသွားမယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ် စတင်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး Duwun Media က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ နေထူးနိုင်က ယခုလို ပြောပြခဲ့ပါတယ်။

‘’ ရုပ်ရှင်အစည်းအရုံးအဖွဲ့နဲ့အတူ ပုဂံကို ဘုရားအနေကဇာတင်သွားတဲ့အခါမှာ အပူရှိန်က ၄၇ ဖြစ်နေတယ်ဆိုတော့ အရမ်းပူတယ်။ မခံနိုင်ဘူး။ သတင်းတွေကလည်း တက်လာတယ်။ ချောက်မြို့ရဲ့ အပူချိန်က ပိုတိုးပွားလာနိုင်တယ်လို့ တွေ့ရတော့ တိုင်ပင်ပြီး သစ်ပင်စိုက်တာကို ကမ်ပိန်းလေးလုပ်မယ် ဆိုပြီး စလိုက်တာ။ မကွေးကိုရောက်တော့လည်း ဝန်ကြီးရဲ့ PSO နဲ့ ခင်တော့ တိုင်ပင်ဖြစ်တယ်။ သစ်တောက လူတွေနဲ့ ချိတ်ပေးတော့ မြေနေရာတွေ ပေးခဲ့တယ်ပေါ့။ အဲ့ဒီမှာ ချောက်မှာရှိတဲ့ အဖွဲ့အစည်းနဲ့ တိုင်ပင်ပြီးတော့ စိုက်ပျိုးရေး ပညာရှင် ဒေါ်နန်းချယ်ရီဦးတို့ကလည်း လာကူညီခဲ့ကြပါတယ်။ ချောက်မြို့ ရှစ်မျက်နှာ ဘုရားဝန်းကျင်၊ ရွှေတိဂုံဘုရား ပုံတူ ဝန်းကျင်၊ အေးစေတီ ဘုရားဝန်းကျင်ပေါ့။ တစ်နေရာကို အပင် ၅၀၀၀ စီ စိုက်ကြမယ်ပေါ့’’ လို့ သူကဆိုပါတယ်။ Photo: Nay Htoo Naing

သစ်ပင်စိုက်ပွဲကိုတော့ ဇွန်လ ၁၈ ရက်နေ့မှာ စတင်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒီ သစ်ပင်စိုက်ပွဲမှာ အနုပညာရှင်ပေါင်း ၂၀ ကျော်နဲ့အတူ ချောက်မြို့နယ်အတွင်းက တာဝန်ရှိသူ တွေလည်း ပါဝင်စိုက်ပျိုးသွားမယ်လို့ နေထူးနိုင်က ပြောပါတယ်။

‘’ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အပင် ၁၀၀၀ စိုက်မယ်။ အနုပညာရှင်တွေက လိုအပ်တဲ့ငွေကို စိုက်ထုတ်မယ်။ ရုပ်ရှင်အစည်းအရုံးကလည်းပါလာ တယ်ပေါ့။ မြန်မာ့ရုပ်ရှင် နှစ်၁၀၀ ပြည့်အထိမ်းအမှတ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်ရောက် ချောက်မြို့နယ်မိသားစုအသင်း၊ မကွေးတိုင်းဦးစီးဌာန တို့ ပူးပေါင်းပြီးတော့ ၆လပိုင်း ၁၈ ရက်၊ အင်္ဂါနေ့ မနက် ၈ နာရီမှာ နေရာ ၃ နေရာမှာ သစ်ပင်စိုက်ပွဲလုပ်မယ်။ အနုပညာရှင်အယောက် ၂၀ ကျော်လောက်တက်မယ်။ အဲဒါပြီးရင် ရေနံချောင်းမှာစိုက်မယ်၊ ဂန့်ဂေါမှာစိုက်မယ်၊ မင်းဘူးမှာစိုက်မယ်။ အပူချိန် ၄၇ ရှိတဲ့ နေရာတွေကို သွားမယ်။ အစ်ကိုစိုက်တဲ့နေရာမှာလည်း ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီနဲ့မှ စိုက်မှာ မဟုတ်ဘူး။ ပြည်သူတွေ အပူဒဏ်ကာကွယ်ဖို့၊ အပူငြိမ်းချမ်းဖို့ အတွက် အပင်စိုက်ကြစို့ ဆိုတဲ့ ခေါင်းစဉ်အတိုင်း အစ်ကိုက စိုက်မှာ’’လို့ ပြောပါတယ်။

Photo: Nay Htoo Naing

အဲဒီနောက် နေထူးနိုင်ဟာ သစ်ပင်တွေ စိုက်ပျိုးပြီးချိန်မှာလည်း သေသေချာချာပြုစုစောင့်ရှောက်ဖို့အတွက် ဝန်ထမ်းတွေ၊ ပရဟိတသမားတွေကိုလည်း ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။

‘’ ချောက်မြို့မှာ သစ်ပင်စိုက်တဲ့ ကော်မတီဖွဲ့ထားတယ်။ အဲဒီကော်မတီထဲမှာမှ သစ်ပင်စိုက်တာ ကျွမ်းကျင်တဲ့သူတွေကို လစာပေး ပုံစံမျိုး(သို့မဟုတ်) ပရဟိတအနေနဲ့ လိုက်လုပ်မယ့်သူတွေကိုလည်း လိုအပ်တဲ့ဟာတွေ ပံ့ပိုးပေးဖို့၊ မြေသြဇာရယ်၊ ရေထိုးတာရယ်၊ ထိန်းသိမ်းဖို့အတွက်ရယ် အလှူခံတာ။ သစ်တောက ၅၄၀၀ ပေးတယ်။ စိမ်းစိုက ၁၀၀၀၀ ပေးတယ်။ ကျန်တဲ့အပင်တွေကိုတော့ အစ်ကို တို့က ဝယ်ရမှာ။ သေချာတာကတော့ ဒီ သစ်ပင်တွေကို စိုက်ပြီးတော့ ပစ်မထားခဲ့ဘူး၊ ဘယ်လို ရှင်သန်ကြီးထွားအောင်လုပ်မလဲ Plan တွေ ချထားပြီးသား။ သေချာလာကြည့်ပြီးတော့ မေးလို့၊ ဓာတ်ပုံရိုက်လို့ရပါတယ်’’ လို့ ဆိုပါတယ်။

Photo: Nay Htoo Naing

သရုပ်ဆောင်နေထူးနိုင်က အခုလက်ရှိမှာတော့ ရုပ်ရှင်အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဗီဒီယိုအဖွဲ့ရဲ့ အတွင်းရေးမှူး ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီနောက် အနုပညာအလုပ်တွေလည်း အဆက်မပြတ်ဆောင်ရွက်နေသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က