ယူကေနိုင်ငံမှာ စံချိန်တင်အပူလွန်ကဲမှု ဖြစ်ပွားလာပြီးနောက် လန်ဒန်အခြေစိုက် Google နဲ့ Oracle ဒေတာစင်တာတွေရဲ့ အအေးပေးစနစ်တွေ ပြတ်တောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့က စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုကြောင့် လန်ဒန်မြို့မှာ ရှိတဲ့ ဒေတာစင်တာတွေရဲ့ အအေးပေးစနစ်တွေ ယာယီပြတ်တောက်ခဲ့တာပါ။ ဒေတာစင်တာတွေဟာ လုံခြုံရေးမြင့်မားတဲ့ အဆောက်အဦကြီးတွေထဲမှာ ကွန်ပျူတာတွေနဲ့ အွန်လိုင်းဝန်ဆောင်မှုအမျိုးမျိုးအတွက် အင်ဂျင်တွေထားရှိ ထားတာပါ။ ဒေတာစင်တာထဲက ကွန်ပျူတာနဲ့ စက်တွေရဲ့ ပါဝါသုံးစွဲတွက်ချက်မှုတွေကနေ အပူတွေ ထုတ်လွှင့်နေတာ ဖြစ်လို့ အအေးပေးစနစ် မဖြစ်မနေ တပ်ဆင်ရပါတယ်။
လန်ဒန်မှာ အပူလှိုင်းဖြတ်ပြီးနောက် အမေရိကန်ထိပ်တန်း Database နည်းပညာနဲ့ ဆော့ဖ်ဝဲလ်ကုမ္ပဏီ Oracle ရဲ့ ဒေတာစင်တာထဲမှာ အပူလွန်ကဲမှုပြဿနာ ဖြစ်ပွားခဲ့ပြီး အအေးပေးစနစ်နှစ်ခု ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ယူကေတောင်ပိုင်း လန်ဒန်ဒေသမှာ အခါမဟုတ် အပူချိန် မြင့်တက်မှုကြောင့် ဒီဇိုင်းအဆင့်မြှင့်ဖို့ လိုအပ်နေတဲ့ အအေးပေးစနစ်နှစ်ခု ပျက်စီးခဲ့ရတာလို့လည်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
Google Cloud ဒေတာစင်တာလည်း အလားတူ အပူလွန်ကဲမှု ကြုံခဲ့ပြီး စင်တာတစ်ခုမှာ ရှိတဲ့ အအေးပေးစနစ်တစ်ခု ပျက်သွားခဲ့တယ်လို့ ပြောပါတယ်။ တခြားစက်တွေ ထိခိုက်ပျက်စီးမှု မဖြစ်စေဖို့နဲ့ ပြတ်တောက်မှု မကြာရှည်အောင် စနစ်တချို့ကို ပိတ်ချထားတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။ အခုတော့ ကုမ္ပဏီနှစ်ခုလုံးဟာ ဒေတာစင်တာအအေးပေးစနစ် ချို့ယွင်းတဲ့ပြဿနာတွေကို ရှင်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ဒေတာစင်တာတွေဟာ အပူချိန်လွန်ကဲမှုကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပြီး အအေးပေးစနစ်တွေနဲ့ အပူချိန်မတက်အောင် ထိန်းချုပ်ထားတာ ဖြစ်ပေမယ့် အအေးပေးစနစ်အတွက် လျှပ်စစ်စွမ်းအင်သုံးစွဲမှုရှိတာကြောင့် ကာဗွန်ထုတ်လွှင့်မှုကို ပိုများစေနိုင်ပါတယ်။ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက အလွန်ပူလွန်းတဲ့ နေ့တွေဟာ နောက်လည်း မကြာမကြာ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။
နည်းပညာကုမ္ပဏီတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ အအေးပေးစနစ် အဖြေရှာနေပြီး ကွန်ပျူတာစနစ်တွေကိုလည်း ပါဝါသုံးစွဲမှုနဲ့ အပူစွန့်ထုတ်မှုနည်းမယ့် နည်းလမ်းတွေ ဖော်ထုတ်နေကြပါတယ်။ Microsoft ကုမ္ပဏီကတော့ ပြီးခဲ့တဲ့ ၂၀၂၀ မှာ စကော့တလန် Orkney ပင်လယ်ကမ်းရိုးတန်းမှာ ရေအောက်ဒေတာစင်တာတစ်ခု တည်ဆောက်ထားပါတယ်။