ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်လား။

ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတွေကို အရမ်းကြိုက်နှစ်သက်ခဲ့ရတဲ့ ဒေါင်းကိုတော့ ဆားပုလင်းနှင်းမောင်အဖြစ် မကြာခင်မှာ မြင်တွေ့ရတော့မှာပါ။ Golden Hour Film Production ကနေ ရိုက်ကူးမယ့် စနေမောင်မောင်နှင့် ဆားပုလင်းနှင်မောင် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မှာ ဖြစ်ပါတယ်။

Photo : Golden Hour Film Production

Golden Hour Film Production ကနေ ရိုက်ကူးမယ့် စနေမောင်မောင်နှင့် ဆားပုလင်းနှင်မောင် ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ဒေါင်းကို ဆားပုလင်းနှင်းမောင်အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒေါင်းနဲ့အတူ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်းနိုင်း၊အောင်မြင့်မြတ်နဲ့ ပြေဇင်တို့ကို လတ်တလော ရွေးချယ်ထားကြောင်း Golden Hour Film Production ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ငယ်ရွယ်ကတည်းက ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတွေက သူ့အပေါ် အရမ်းလွှမ်းမိုးမှု ရှိခဲ့တာဆိုတဲ့ ဒေါင်းအတွက် ဒီဇာတ်ရုပ်အတွက် ရင်ခုန်လိုု့ နေပါတယ်။ ‘’အမှန်အတိုင်းပြောရရင် ကျွန်တော် ငယ်ငယ်လေးကတည်းက ဖတ်ကတည်းက အဲဒီလို ဘက်စုံတော်တဲ့သူ ဖြစ်ချင်ခဲ့တာ။ အဲဒါကြောင့် ဟိုစပ်စပ်၊ ဒီစပ်စပ်၊ အကုန်လိုက်လုပ်ဖြစ်နေတာ။ အဲဒါ သူကြောင့်ပဲ။ ကျွန်တော်တို့ကို အရမ်းလွှမ်းမိုးခဲ့တာကိုး။ ကျွန်တော်တို့ နိုင်ငံအတွက် Hero တွေက သူတို့တွေပဲရှိတာကိုး။ သူတို့က ပြဿနာကို ဘယ်လိုတည်ဆောက်တာ၊ ဘယ်လို ခံစားတာ၊ ဘယ်လို ရပ်တည်ချက်နဲ့ ဖြတ်သန်းကြတာ၊ ဘယ်လိုမျိုး တည်ငြိမ်ရင့်ကျက်တဲ့ ယောကျ်ားတစ်ယောက်ဖြစ်တာ အဲဒါတွေက အဓိက လွှမ်းမိုးစေတာပေါ့’’ ဆိုပြီးတော့ မေလ ၂ရက်နေ့ က ဆရာမင်းသိင်္ခရဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်ဝယ်ယူခြင်း အခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။

Photo : ဒေါင်း

ဒေါင်းဟာ ဆရာကြီး မင်းသိင်္ခ ဝတ္ထုတွေကို ငယ်ငယ်ကတည်းက အားပေး ဖတ်ရှုလာတဲ့သူဖြစ်ပါတယ်။ ဒီဇာတ်ကောင်တွေ အပေါ်မှာလည်း သူကိုယ်တိုင် လေ့လာသိရှိခဲ့ရတဲ့ အချက်တွေအပေါ် အခုလို ပြောပြလာပါတယ်။

‘’ဆားပုလင်းနှင်းမောင်ဆိုလည်း စာတွေဖတ်တာပဲ၊ စနေမောင်မောင်ဆိုလည်း စာတွေဖတ်တာပဲ။ သူတို့က စာတွေဖတ်မှုကြောင့် ဒါတွေ နားလည်တယ် ဆိုပြီးတော့ ဆရာမင်းသိင်္ခက အဲဒါကို မက်ဆေ့ချ်ပေးချင်တာ။ အဲဒါတွေ ဖတ်နေရင်းကို စာရေးဆရာရဲ့ မက်ဆေ့ချ်က လူငယ်တွေ စာဖတ်ပါ။ စာဖတ်ရင် ဗဟုသုတ ပိုကြွယ်ဝတယ်၊ အသိဉာဏ်ပိုကြွယ်ဝတယ်၊ သူများထက်ပိုပြီး အကွက်တွေ များစွာကို မြင်နိုင်တယ်ဆိုပြီးတော့ စာရေးဆရာက သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဇာတ်ကောင်တွေကို နှလုံးသားထဲ ထည့်ပေးလိုက်တာ’’ လို့ သူကဆိုပါတယ်။

Photo : ဒေါင်း

စနေမောင်မောင်နှင့် ဆားပုလင်းနှင်းမောင် ဇာတ်ကားထဲမှာ စနေမောင်မောင်အဖြစ် နိုင်းနိုင်း၊ ဆားပုလင်းနှင်းမောင်အဖြစ် ဒေါင်း၊ သိဒ္ဓိအဖြစ် အောင်မြင့်မြတ်နှင့် အောင်ထွန်းအဖြစ် ပြေဇင်တို့ကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။ မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်လာရပါပြီ။ သူ့ကိုတော့ ‘’ပုဂံမြို့သူ’’ ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ ‘’လရဲ့ အောက်ဘက် မိုင်အဝေးမှာ’’ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။လက်ရှိမှာလည်း သူပါဝင်ထားတဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသလျက်ရှိပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က