ဖိလစ်ပိုင်မှာ မြေပြိုမှုနဲ့ ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ မုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး ၃၀ ဦး သေဆုံးနိုင်ကြောင်း အာဏာပိုင်တွေက ယနေ့ (အောက်တိုဘာ ၁၄ ရက်) ပြောပါတယ်။
အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း Kompasu တိုက်ခတ်မှုကြောင့် ယခုသီတင်းပတ်မှာ ဖိလစ်ပိုင်တစ်ဝန်း နှစ်ရက်အတွင်း ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ တစ်လစာ မိုးရေချိန်ထက် ပိုများခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာန ပြောခွင့်ရအမျိုးသား Mark Timbal က AFP သတင်းဌာနကို ပြောပါတယ်။
(Photo: AP)
ဖိလစ်ပိုင်ရဲ့ လူဦးရေအထူထပ်ဆုံး လူဇွန်ကျွန်မးဟာ မုန်တိုင်းတိုက်ခတ်မှုဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ရှိတဲ့ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်ဆုံးရှုံးမှုနဲ့ နေအိမ်ရာနဲ့ချီ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ယခုမုန်တိုင်းကြောင့် မိုးရွာသွန်းမှုဟာ ၂၀၀၉ ခုနှစ်က ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ပြီး လူဦးရေရာနဲ့ချီ သေဆုံးခဲ့တဲ့ အပူပိုင်းမုန်တိုင်း Ketsana (ဖိလစ်ပိုင်မှာ အပူပိုင်းမုန်တိုင်း Onday လို့ သိကြ) တိုက်ခတ်စဥ်ကထက်ပင် ပိုမိုသည်းထန်ကြောင်း Mark Timbal က ပြောပါတယ်။
"ဒါက ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုဆိုတာ သက်သေပဲ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဒီလို သဘာဝဘေးအန္တရာယ်တွေရဲ့ ပြင်းထန်မှုက ပိုမြင့်တက်လာတယ်" လို့ ၎င်းကဆိုပါတယ်။ အပူပိုင်းမုန်တိုင်း Kompasu က ဖိလစ်ပိုင် လူဇွန်ကျွန်းကို တနင်္လာနေ့ (အောက်တိုဘာ ၁၁ ရက်) မှာ ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် ယနေ့အထိ သေဆုံးသူ အနည်းဆုံး ၁၉ ဦးရှိခဲ့ကြောင်း အတည်ပြုထားပါတယ်။
(Photo: EPA)
ဒါ့အပြင် နောက်ထပ် သေဆုံးသူ ၁၁ ဦးရှိကြောင်း သတင်းကိုလည်း ဘေးအန္တရာယ်ဆိုင်ရာဌာနက စစ်ဆေးနေရာ သေဆုံးသူအရေအတွက် အနည်းဆုံး ၃၀ ဦး ဖြစ်လာနိုင်ပါတယ်။ ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၂,၀၀၀ နီးပါးကို ရွှေ့ပြောင်းပေးခဲ့ရပြီး ပျောက်ဆုံးနေသူ ၁၄ ဦးရှိကြောင်း သိရပါတယ်။
Kompasu မုန်တိုင်းဟာ ဖိလစ်ပိုင်ကနေ ထွက်သွားပြီးနောက် ဟောင်ကောင်အနီး ဖြတ်သန်းတိုက်ခတ်ခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပါတယ်။ ထို့နောက် ပင်လယ်ပြင်အတွင်းသို့ ဆက်လက်ရွေ့လျားသွားခဲ့ပြီး တိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းခဲ့တယ်လို့ ဆိုပါတယ်။
(Map: Google Maps)
သို့သော် ထိုမုန်တိုင်းဟာ တရုတ်နိုင်ငံ Hainan ပြည်နယ်ကို မဝင်ရောက်မီ အပူပိုင်းမုန်တိုင်းအဆင့်သို့ အားပြန်လျော့သွားခဲ့ပြီး ပင်လယ်ပြင်ကို ဦးတည်ရွေ့လျားသွားစဥ် နောက်ထပ် အားလျော့သွားခဲ့ကာ ယနေ့ (အောက်တိုဘာ ၁၄ ရက်) မှာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းသို့ ဦးတည်နေပါတယ်။ ယနေ့ အခြေအနေအရ အပူပိုင်းမုန်တိုင်း Kompasu ဟာ ပင်လယ်ပြင်မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ ဖြင့် တိုက်ခတ်နေကြောင်း သိရပါတယ်။