တနိုင်ငံတည်းသားအချင်းချင်း၊ ပါတီကြိုက်တာချင်းအတူတူ နေမာကို ရော်နယ်ဒိုက ကာကွယ်ပေးခဲ့တာပါ။

ဘရာဇီးဂန္တဝင်ကစားသမားကြီး ရော်နယ်ဒိုက လက်ရှိ ဘရာဇီးနဲ့ PSG တို့ရဲ့ တိုက်စစ်ကစားသမား နေမာရဲ့ ကွင်းပြင်ပအမူအကျင့်တွေနဲ့ ပတ်သက်လို့ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ နေမာဟာ ကစားသမားဘဝ အတက်ပိုင်းကို ရောက်လာတည်းက ကွင်းပြင်ပ နေထိုင်မှု ပုံစံတွေကြောင့် မကြာခဏဆိုသလို ဝေဖန်ခံနေရတာပါ။



ဒါ့အပြင် ကွင်းတွင်းမှာ မကြာခဏ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာဟာ နေမာရဲ့ ကွင်းပြင်ပနေထိုင်မှုပုံစံတွေကြောင့်ဖြစ်တယ်လို့ ဝေဖန်နေကြပါသေးတယ်။ နေမာကတော့ သူ့ရဲ့ ကွင်းပြင်ပနေထိုင်မှုပုံစံတွေကို ဝင်ရောက်မစွက်ဖက်ဖို့ ပြီးခဲ့တဲ့လအတွင်းကပဲ ပြတ်ပြတ်သားသား ပြောထားတာပါ။

အခုချိန်မှာလည်း ဘရာဇီးဂန္တဝင်ကစားသမားကြီး ရော်နယ်ဒိုက “ကျနော်လည်း နေမာလိုပဲ ခံစားခဲ့ရပါတယ်။ လူသိများ၊ ကျော်ကြားတဲ့သူတယောက်အတွက် သူ့ရဲ့ ကိုယ်ပိုင်ဘဝက အခြားသူတွေအတွက် အရေးပါတဲ့ကိစ္စတခုအဖြစ် မရှိသင့်ပါဘူး။ တစုံတယောက်က ဘာစားတယ်၊ ဘာသောက်တယ်၊ ဘယ်ဟာကိုဖြင့်မစားဘူးဆိုပြီး အာရုံနောက်နေစရာ ဘာအကြောင်းမှကို မရှိတာပါ”

“တကယ်လို့ အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင် ကျနော်လည်း (၆) နှစ်သားတောင်မဖြစ်ချင်ဘဲ (၄) နှစ်သားပဲဖြစ်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုကြီးကလည်း သူ့ရဲ့ ကစားသမားဘဝတလျှောက်မှာ အပျော်အပါးအရမ်းမက်တယ်လို့ စွပ်စွဲခံခဲ့ရပြီး ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝက စောစောစီးစီး အနားယူခဲ့ရတာပါ။

အခု နေမာလည်း သူ့ရှေ့က စီနီယာကြီးတွေရဲ့ ခြေရာအတိုင်း လိုက်သွားမှာကို ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။ နေမာဟာ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်အဖြစ် ဘရာဇီးနဲ့အာဂျင်တီးနားပွဲကို ဒဏ်ရာကြောင့်လွဲချော်ခဲ့ပေမယ့် ဆော်ပေါ်လိုဘားမှာ ပါတီပွဲကျင်းပနေခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

စိန့်အက်တီယန်ကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နေမာအနေနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး အဲ့ဒီဒဏ်ရာကြောင့် လက်ရှိအချိန်မှာ PSG ရဲ့ ပွဲစဥ်တွေကို လွဲချော်နေရဆဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က