အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအောင်ပွဲခံမှုဟာ ပရိသတ်တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ကိုမာဝင်သွားခဲ့တာကြောင့် ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ခဲ့ရပါတယ်။
တောင်အမေရိကအသင်းဟာ ၃၆ နှစ်အကြာမှာ ပထမဆုံးကမ္ဘာ့ဖလား ရရှိခဲ့တာကြောင့် နိုင်ငံတဝန်းက ပရိသတ်တွေဟာ အိမ်ပြန်လာတဲ့ ၎င်းတို့ရဲ့ သူရဲကောင်းတွေကို ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။ သန်းပေါင်းများစွာသော လူတွေဟာ ဗွေနို အိုင်းရိစ်မြို့တော် လမ်းမတွေပေါ်မှာ လူပင်လယ်ကြီး ပုံစံနဲ့ လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားအသင်းသားတွေရဲ့ အောင်ပွဲအတွက် အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း The Sun ရဲ့သတင်းအရ ပရိသတ်တွေဟာ အသင်းဘတ်စ်ကားပေါ်ကို တက်ဖို့ ကြိုးပမ်းခဲ့ကြပြီး ပရိသတ်အချို့ဆိုရင် တံတားပေါ်ကနေ ကားပေါ် ခုန်ချဖို့ ကြိုးပမ်းခဲ့တာကြောင့် ဝရုန်းသုန်းကားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ အာဂျင်တီးနားအသင်းရဲ့ အောင်ပွဲခံ လှည့်လည်နေချိန်အတွင်း ဘတ်စ်ကားပေါ် ခုန်ချဖို့ ကြိုးပမ်းရင်း ကားအောက် ပြုတ်ကျသွားခဲ့တဲ့ အသက် ၂၀ ကျော်အရွယ် ပရိသတ်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကလည်း ပလာဇာ ဆန် မာတင်က ဖြစ်စဉ်အပြီးမှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီးနောက် ကိုမာ ဝင်သွားခဲ့တယ်လို့ သိရပြီး အောင်ပွဲခံနေစဉ်အချိန်အတွင်း အထိမ်းအမှတ်အဖြစ်ထားရှိတဲ့ ကျောက်တုံးအပိုင်းအစဟာ အဲဒီကလေးငယ်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပရိသတ်တစ်ဦးဟာ လူကူးခုံးကျော်တံတားပေါ်ကနေ ဘတ်စ်ကားပေါ် ခုန်ချခဲ့တာကို မြင်တွေ့ခဲ့ရပြီး အကျမတော်ဘဲ ဘတ်စ်ကားပေါ်ကနေ အောက်က လူပင်လယ်ထဲကို ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။