ပြီးခဲ့တဲ့တနင်္ဂနွေညမှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ ယူနိုက်တက်တို့ရဲ့ပွဲစဥ်မှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် အနိုင်ဂိုးလည်းဖြစ်၊ သူ့အတွက် သွင်းဂိုး (၇၀၀) ပြည့်လည်းဖြစ်ခဲ့တဲ့ ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က အဝေးကွင်းမှာ အဲဗာတန်ကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အသင်းအနိုင်ရရှိခဲ့သလို ရော်နယ်ဒိုရဲ့မှတ်တမ်းကြောင့်လည်း ပရိသတ်အားလုံး ပျော်ရွှင်ခဲ့ရပါတယ်။
ရော်နယ်ဒိုလည်း သေချာပေါက်ပျော်ရွှင်နေခဲ့ပေမယ့် အဆိုပါပွဲအပြီးမှာ ရော်နယ်ဒိုတယောက် ယူနိုက်တက်ပရိသတ်တွေကို မေ့လျော့သွားခဲ့ပါသေးတယ်။ ရော်နယ်ဒိုဟာ ပွဲပြီးတာနဲ့ အဝတ်လဲခန်းထဲကို တန်းတန်းမတ်မတ်သွားရောက်ဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်အသင်းဖော် ဒါလော့ကတော့ အဝေးကွင်းအထိ လိုက်ပါအားပေးတဲ့ ပရိသတ်တွေကို နှုတ်ဆက်ဖို့ ရော်နယ်ဒိုကို သတိလှမ်းပေးပြီး ခေါ်ခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ မရည်ရွယ်ပါဘဲနဲ့ အဝတ်လဲခန်းထဲ သွားဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး ဒါလော့ လှမ်းခေါ်ချိန်မှာတော့ အဆိုပါပေါ်တူဂီလက်ရွေးစင်အသင်းဖော်နဲ့အတူ ပြုံးပြုံးရွှင်ရွှင် စကားပြောဆိုရင်း ပရိသတ်တွေရှိရာကို သွားရောက် နှုတ်ဆက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ပွဲကြည့်ပရိသတ်တွေလည်း သတိထားမိခဲ့ပြီး ဒါလော့ရဲ့လုပ်ရပ်ကိုလည်း ပရိသတ်တွေက ချီးကျူးနေကြပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်ကွင်းမှာ လာရောက်ကစားခဲ့ချိန်မှာ ကံမကောင်းအကြောင်းမလှခဲ့ဘဲ ပွဲအပြီးမှာပါ အဲဗာတန်ပရိသတ်ကလေးငယ်ရဲ့လက်ကို ရိုက်ချသွားခဲ့တာကြောင့် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ရဲ့စွဲချက်တင်ခြင်းကိုခံခဲ့ရပါသေးတယ်။ အဆိုပါဖြစ်ရပ်က အခုချိန်ထိ မပြီးသေးဘဲ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ရော်နယ်ဒိုကို စွဲချက်တင်ထားပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒီစွဲချက်ကို လက်မခံဘူးလို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိရာသီမှာ ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ ဒီပွဲမှာလည်း တိုက်စစ်မှူး မာရှယ်လ် ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပွဲကစားချိန် (၂၈) မိနစ်မှ လူစားဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။