ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အပျင်းကြီးပြီး ရိုင်းစိုင်းနေတဲ့ အသင်းဖော်လူငယ်ကစားသမားတွေကြောင့် ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပီယာ့စ်မော်ဂန်က ဖွင့်ဟလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းဖော်အချို့ရော၊ လူငယ်ကစားသမားတွေနဲ့ ပတ်သက်လို့ပါ စိတ်တိုင်းမကျဖြစ်ခဲ့တာပါ။
အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝနှောင်းပိုင်းကို အောင်မြင်မှုတွေကို စိန်ခေါ်ရင်း၊ ဆွတ်ခူးရင်းနဲ့သာ အချိန်ကုန်ချင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အောင်ပွဲအပေါ် ဆာလောင်စိတ်က လက်ရှိယူနိုက်တက်နဲ့ ဘယ်လိုမှမကိုက်ညီတော့ဘူးလို့ ခံစားခဲ့ရတာကြောင့် ရော်နယ်ဒိုက အခုလိုမျိုးပဲ ယူနိုက်တက်က ဆုံးဖြတ်ခဲ့ဟန်ရှိပါတယ်။
ဒီအကြောင်းကို ရော်နယ်ဒိုနဲ့ အရင်းနှီးဆုံးမိတ်ဆွေကြီး ပီယာ့စ်မော်ဂန်က “ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ချင်တာက သူ့ရဲ့ပြင်းပြတဲ့ရည်မှန်းချက်၊ အနိုင်ရလိုစိတ်တွေကို အသင်းသားတွေဆီမှာ မမြင်တွေ့ရတာကြောင့်ပါ။ အထူးသဖြင့် သူ့လိုမကြိုးစားဘဲ အတ္တကြီးပြီး ရိုင်းစိုင်းတယ်၊ အပျင်းထူတဲ့ လူငယ်အသင်းဖော်တွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါက တကယ့်ဖြစ်ရပ်မှန်ပါ” လို့ သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်ကိုရောက်ရှိလာချိန်မှာ အချိန်ပိုလေ့ကျင့်ခန်းမဆင်းဘဲ အိမ်တန်းပြန်သွားတဲ့ အသင်းဖော်တွေကြောင့် အံ့အားသင့်ခဲ့ရဖူးသူတယောက်ပါ။ ဒါ့အပြင် ယူနိုက်တက်လူငယ်အချို့က သူ့အပေါ် လေးစားမှုမရှိတာနဲ့ ပတ်သက်လို့လည်း အင်တာဗျူးတခုမှာ အရိပ်အမြွက် ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။
အထူးသဖြင့် ဂရင်းဝုဒ်အမှုမဖြစ်ခင်တုန်းက အဆိုပါအင်္ဂလန်လူငယ်ကြယ်ပွင့်နဲ့ ရော်နယ်ဒိုအကြား ကွင်းတွင်းကွင်းပြင် အကြိတ်အခဲတွေရှိခဲ့ပြီး နှစ်ယောက်အကြား သိသိသာသာ လူပေးကစားခြင်းမရှိတာကိုလည်း အသင်းဖော်တွေက ရိပ်မိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုက မာနထောင်လွှားနေတဲ့ ယူနိုက်တက်လူငယ်တွေကို စိတ်ကုန်သွားပုံရပြီး မော်ဂန်ပြောသလိုမျိုး ဒါကြောင့်ပဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာဖြစ်နိုင်ပါတယ်။