ဖီနာဘာချီနည်းပြ မော်ရင်ဟိုဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းဟောင်း ရိုးမားကို လက်စားချေနိုင်တော့မှာပါ။ မော်ရင်ဟိုရဲ့ ဖီနာဘာချီက ရိုးမားရဲ့ ပစ်မှတ် ဆီဗီလာ တိုက်စစ်ကစားသမား အယ်လ်နက်ဆရီကို ခေါ်ယူနိုင်တော့မှာပါ။
ဒီကစားသမားအတွက် ဖီနာဘာချီက တစ်နှစ်လုပ်ခ ယူရို (၅) သန်းနဲ့ (၅) နှစ် စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပါတယ်။ မော်ရင်ဟိုရဲ့အသင်းက နယူးကာဆယ် ကစားသမားဟောင်း စိန့်မက်ဆီမင်ကိုလည်း အငှားစာချုပ်နဲ့ ခေါ်ယူထားပြီးဖြစ်ပါတယ်။
အခု အယ်လ်နက်ဆရီအတွက်လည်း ဖီနာဘာချီနဲ့ ရိုးမားအပြင် အခြားသော ဆော်ဒီကလပ်နှစ်သင်းကလည်း ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဖီနာဘာချီက ကစားသမားကို အပိုင်ချုပ်နိုင်ခဲ့တာဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တာပါ။
မော်ရင်ဟိုဟာ ရိုးမားကနေ ထွက်ခွာလာခဲ့တုန်းက အသင်းတာဝန်ရှိသူတွေနဲ့ ပြဿနာဖြစ်ခဲ့ဟန်ရှိပါတယ်။ အဲ့ဒါကြောင့်လည်း သူ့အနေနဲ့ ဘယ်တော့မှ ရိုးမားကစားသမားတွေကို ပြန်ခေါ်မှာ မဟုတ်သလို ရိုးမား အားကစားဒါရိုက်တာ ပင်တိုနဲ့လည်း အလုပ်တွဲလုပ်တော့မှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။