အခု ဆောင်းရာသီမှာ ဘာစီလိုနာက အသည်းအသန်ခေါ်ယူလိုတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီကို ယူနိုက်တက်က ရာသီကုန်တဲ့အထိ ဆက်လက်ထိန်းသိမ်းသွားဖို့ ပြင်ဆင်နေပါတယ်။
အဆိုပါ ဥရုဂွေးလက်ရွေးစင် ကစားသမားကြီးဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိနေပြီး ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မှာပါ။
ဘာစီလိုနာကတော့ အဂွေရို အနားယူသွားမှုနဲ့အတူ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတာကြောင့် ကာဗာနီကို လာမယ့် ဆောင်းရာသီမှာတင် အရခေါ်ယူလိုတာဖြစ်ပြီး ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားပြီလို့ သတင်းတွေက ဖော်ပြနေပါတယ်။
ကာဗာနီကိုယ်တိုင်ကလည်း ဘိုကာဂျူနီယာရဲ့ ကမ်းလှမ်းမှုကိုရရှိထားသည့်တိုင် ဥရောပမှာ ဆက်ကစားချင်တာကြောင့် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံထားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ အသက် (၃၄) နှစ်အရွယ် ဒီတိုက်စစ်မှူးကြီးကို စာချုပ်သက်တမ်း မကုန်ခင် လက်လွှတ်သွားမှာမဟုတ်ဘဲ လက်ကျန်ရာသီဝက်အတွက် အသင်းမှာ ဆက်ထိန်းသွားဖို့ ဆန္ဒရှိနေတာပါ။
လတ်တလော ပရီးမီးယားလိဂ်အသင်းတွေမှာ ကိုဗစ်နှိပ်စက်မှုက ပိုမိုဆိုးရွားလာပြီး ယူနိုက်တက်မှာလည်း ကစားသမားနဲ့ အသင်းဝန်ထမ်းပေါင်း (၂၅) ယောက်ဝန်းကျင်ခန့် စံချိန်တင် ကိုဗစ်ကူးစက်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
ပရီးမီးယားလိဂ်အသင်းတွေဟာ ပြိုင်ပွဲကို ယာယီရပ်နားထားဖို့ မနေ့က အစည်းအဝေးလုပ်ခဲ့သေးတာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကစားသမား (၁၄) ယောက် ပွဲထွက်နိုင်တယ်ဆိုရင် သတ်မှတ်ထားတဲ့အတိုင်း ကစားသွားဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီအချက်က ကစားသမားအင်အားကို မဖြစ်မနေတောင့်တင်းဖို့ လိုအပ်တာကြောင့် ယူနိုက်တက်တို့ ကာဗာနီကို အသင်းမှာ ဆက်ထိန်းထားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။