အာဆင်နယ်နဲ့စပါးတို့ အပြိုင်အဆိုင်ပစ်မှတ်ထားခဲ့တဲ့ ဂျူဗင်တပ်စ် တောင်ပံကစားသမား ကူလူဆက်ဗ်စကီးဟာ စပါးကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ နာမည်ကျော် ဂျာနယ်လစ် ရိုမာနိုကိုယ်တိုင်က တရားဝင်အတည်ပြုပေးခဲ့ပါတယ်။
အဆိုပါဆွီဒင်ကစားသမားကို အာဆင်နယ်ရော၊ စပါးရောက အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ စပါးနဲ့ ဂျူဗင်တပ်စ်အကြား သဘောတူညီမှုရရှိခဲ့သလို လာမယ့်နာရီပိုင်းအတွင်း တရားဝင်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရှိရပါတယ်။
ကူလူဆက်ဗ်စကီးအတွက် စပါးတို့ အငှားခေါ်ယူခ ယူရို (၅) သန်း ပေးချေရမှာဖြစ်ပြီး မဖြစ်မနေ မဟုတ်တဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ပါဝင်ခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း စပါးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေရရှိခဲ့ပြီး အပြီးသတ်ခေါ်ယူဖြစ်ခဲ့ရင် ငါးနှစ် စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်နဲ့ စပါးတို့ ဘန်တန်ကာရဲ့ အပြောင်းအရွှေ့အတွက်ပါ သဘောတူညီမှုရရှိခဲ့ပြီး ကနဦး ပြောင်းရွှေ့ကြေး ယူရို (၁၉) သန်း၊ အပိုဆုကြေး ယူရို (၆) သန်းနဲ့ စပါးဘက်က ခေါ်ယူခဲ့ပါတယ်။ ဗီလာကလည်း ဘန်တန်ကာကို ခေါ်ယူဖို့ ကမ်းလှမ်းထားပေမယ့် ဂျူဗင်တပ်စ်ကတော့ ငြင်းဆန်ပယ်ချခဲ့ပါတယ်။
လက်ရှိ စပါးဒါရိုက်တာ ပရက်တီချီဟာ ဂျူဗင်တပ်စ်မှာရှိနေတုန်းက ကူလူဆက်ဗ်စကီးကို အတ္တလန်တာကနေ ပြောင်းရွှေ့ကြေး ယူရို (၃၅) သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ကွန်တီကလည်း အင်တာမီလန်နည်းပြဘဝမှာ ဒီကစားသမားကို ခေါ်ယူဖို့ ဆန္ဒရှိခဲ့တယ်လို့ သိရှိရပါတယ်။
အာဆင်နယ်ကတော့ အပြောင်းအရွှေ့မှာ နောက်တကြိမ် ခံလိုက်ရပြန်တာဖြစ်ပြီး လက်ရှိ ဆောင်းရာသီအပြောင်းအရွှေ့မှာ ပစ်မှတ်ထားခဲ့တဲ့ ဗလာဟိုဗစ်၊ ဂွီမာရက်စ် နဲ့ အခု ကူလူဆက်ဗ်စကီးတို့ကို လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။