ယူနိုက်တက်ရဲ့ ရှယ်ယာရှင် အသစ် ရက်ကလစ်ဖ်ကြောင့် အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ရာသီတွေမှာ စျေးကွက်အတွင်း လွတ်လွတ်လပ်လပ် လှုပ်ရှားလာနိုင်ဖွယ်ရှိကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ပေါင် (၁) ဘီလျံကျော်နဲ့ ဝယ်ယူထားတာပါ။ အဲ့ဒီနောက်မှာတော့ သူက အသင်းရဲ့ ဘောလုံးဆိုင်ရာ စီမံခန့်ခွဲမှုအားလုံးကို ချုပ်ကိုင် စီမံသွားမှာဖြစ်ပါတယ်။
ဗြိတိန်ဘီလျံနာကြီးဟာ သူငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့ အသင်းအတွက် အမေရိကန်ဒေါ်လာ သန်း (၂၅၀) ကို ရင်းနှီးမြှုပ်နှံသွားဦးမှာပါ။ ဒီအထဲမှာ အိုးထရက်ဖို့ဒ်ကွင်းကို တိုးချဲ့ဖို့၊ လေ့ကျင့်ရေးကွင်းကို အဆင့်မြှင့်တင်ဖို့ အချက်တွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် အသင်းကိုလည်း အပြောင်းအရွှေ့စျေးကွက်ထဲမှာ ကစားသမားခေါ်ယူနိုင်ဖို့ လုံလောက်တဲ့ ဘတ်ဂျက်ပမာဏကို သတ်မှတ်ပေးနိုင်လိမ့်မယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ရက်ကလစ်ဖ်ဟာ အသင်းအတွက် တစ်နှစ်အတွင်း ပေါင် (၁၃၅) သန်း အရင်ဆုံး ထုတ်ပေးသွားမှာပါ။
အဲ့ဒီနောက် (၁၂) လအတွင်းမှာပဲ နောက်ထပ် ပေါင်သန်း (၁၀၀) ကို ထုတ်ပေးသွားမှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ အရင်ကထက် အပြောင်းအရွှေ့မှာ ပိုမိုအဆင်ပြေလာမယ်လို့ မျှော်လင့်ထားကြပါတယ်။ အကျိုးဆက်အနေနဲ့ ရက်ကလစ်ဖ်ရဲ့ ယူနိုက်တက် ရှယ်ယာပိုင်ဆိုင်မှုကလည်း (၂၉) ရာခိုင်နှုန်းအထိ တိုးတက်လာမှာဖြစ်ကြောင်း သိရှိရပါတယ်။