ငွေတစ်ထောင်လောက်နဲ့ ဗိုက်ဝစေမယ့်ဆိုင်လေးပါ။

ရပ်ကွက်ဆိုင်လေးဆိုပေမယ့် အညာစတိုင်စဉ့်အိုးလေးတွေနဲ့ အသုပ်လေးတွေကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားတဲ့ဆိုင်လေးပါ။ ဆိုင်ရှင်အစ်မကြီးကလည်း ဝယ်သူတိုင်းကို အပြုံးချိုချို အပြောချိုချိုနဲ့ ဆက်ဆံတတ်တဲ့အပြင် ဈေးနှုန်းကလည်း ငွေတစ်ထောင်လောက်သုံးရုံနဲ့ ဗိုက်ဝစေမယ့်ဆိုင်လေးတစ်ခုဆိုရင်လည်း မမှားပါဘူး။



သာမန်အသုပ်ဆိုင်လေးဆိုပေမယ့် မတူညီတဲ့ပုံစံလေးနဲ့စတင်ခဲ့

ဆိုင်ရှင် မတူးမာရဲ့ ဖခင်ဖြစ်သူက အညာသားဖြစ်တာကြောင့် ငယ်စဉ်ကတည်းက မတူးမာတို့ မိသားစုဟာ အညာအစားအစာတွေနဲ့ မစိမ်းလှပါဘူး။ ဒါကြောင့် အသုပ်ဆိုင်ဖွင့်ဖို့စတင် စဉ်းစားတဲ့အခါ အညာက ရွာဓလေ့စတိုင် စဉ့်အိုးလေးတွေနဲ့ စရောင်းဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဆိုင်လေးက သေးသေးလေးဆိုပေမယ့် စားချင်စဖွယ်၊ လာစားတဲ့သူတွေအတွက် မျက်စိပဒသ ဖြစ်အောင်ပြင်ဆင်ထားတဲ့ စဉ့်အိုးလေးအသုပ်ဆိုင်လေးဖြစ်ပါတယ်။

“ အဖေက အညာကဆိုတော့ အသုပ်ဆိုင်ဖွင့်ချင်တော့ အဖေတို့ကို တိုင်ပင်တယ်။ သမရိုးကျ မဖွင့်ချင်ဘူးပေါ့နော်။ အဲဒါကြောင့် ရွာဓလေ့လေးပေါ့ စဉ့်အိုးလေးတွေနဲ့ စရောင်းဖြစ်တာ။ စဉ့်အိုးတွေနဲ့ဆိုတော့ ရေရှည်လည်းခံတယ်လေ။ စစရောင်းချင်းကတော့ တောင်းလေးတွေ စဉ့်အိုးလေးတွေနဲ့ရောင်းတော့ ဘာရောင်းလဲဆိုပြီး စိတ်ဝင်စားကြပါတယ်။ ” လို့ ဆိုင်ရှင် မတူးမာက ဆိုပါတယ်။

အညာမကျ ရန်ကုန်မကျ သုပ်တဲ့ မတူးမာရဲ့လက်ရာ

မတူးမာရဲ့ စဉ့်အိုးလေးအသုပ်ဆိုင်မှာရနိုင်တဲ့ အသုပ်တွေကတော့ ကြာဇံသုပ်၊ ခေါက်ဆွဲသုပ်၊ ပဲကြာဇံသုပ်၊ အစုံသုပ်၊ ကြက်သွေးသုပ်၊ ငါးဖယ်သုပ်၊ ကြက်ရေခွံသုပ်နဲ့ ပဲပြားသုပ် တို့ဖြစ်ပါတယ်။ အသုပ်ပုံစံတွေကိုလည်း အညာမှာသုပ်တဲ့ပုံစံစစ်စစ်ကြီးတော့မဟုတ်ဘဲ ရန်ကုန်က ဒေသခံတွေလည်း အကြိုက်တွေ့အောင် ရန်ကုန်နဲ့ အညာ ပေါင်းစပ်ထားတဲ့ပုံစံမျိုးလေးနဲ့ ရောင်းချတာလို့ ဆိုပါတယ်။

“ အသုပ်ကို အညာပုံစံမကျ ရန်ကုန်ပုံစံမကျလေးသုပ်ထားတယ်။ ရန်ကုန်ဒေသခံတွေအကြိုက်လေးပေါ့နော်။ ဒီမှာကျ ကြက်သွန်တွေပါတာ မကြိုက်ကြဘူးလေ။ လောလောဆယ်တော့ အညာမှာရောင်းတဲ့  အရွက်သုပ် တို့မရသေးဘူး။ ဆိုင်လေးဒီထက်ချဲ့ဖြစ်ရင်တော့ လုပ်မယ်စဉ်းစားထားတယ်။” လို့ မတူးမာကဆိုပါတယ်။

ငွေတစ်ထောင်ခန့်နဲ့ ဗိုက်ဝတဲ့ဆိုင်လေး

အသုပ်တစ်ပွဲက ၈၀၀ ကျပ်ဆိုပေမယ့် လူတစ်ယောက်ဝဝလင်လင် စားလို့ရတဲ့အနေအထားဖြစ်ပြီး ထမင်း ၂၀၀ ဖိုးလောက်နဲ့ တွဲဖက်စားသုံးလိုက်ရင် ငွေတစ်ထောင် ဝန်းကျင်ခန့်နဲ့ တစ်နပ်စာလုံလောက်တဲ့အနေအထားဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတွေတက်ပြီး လူတွေခက်ခဲနေကြချိန်မှာ မလှူတတ်ရင်ဈေးရောင်းဆိုတဲ့အတိုင်း ဒီဆိုင်လေးမှာ လာရောက်စားသုံးသူတွေ ဈေးသက်သက်သာသာနဲ့ ဝဝလင်လင်စားနိုင်ဖို့ ရည်ရွယ်တယ်လို့ မတူးမာက ဆိုပါတယ်။

“ တစ်ချို့ဆို  တစ်နေ့မှ သုံးလေးထောင် ၊ ငါးထောက်ပဲ ရကြတာလေ။ ဒီမှာ ငွေတစ်ထောင်လောက်ဆို တစ်နပ်စာ လုံလောက်ပြီ။ အသုပ်တစ်ပွဲကို ဝဝလင်လင်စားလို့ရအောင် သုပ်ပေးတယ်။” လို့ မတူးမာက ပြောပါတယ်။


တစ်နေ့ကို ၂ သိန်းဝန်းကျင်လောက်ရောင်းရ

ဆိုင်လေးရဲ့ သက်တမ်းက အခုဆို ၁ နှစ်ဝန်းကျင်လောက်ရှိပါပြီ။ စရောင်းခါကစတုန်းက တစ်နေ့ကို ၃ သောင်းဖိုးလောက်ရောင်းရခဲ့ပြီး လက်ရာနဲ့ စေတနာကြောင့် တဖြည်းဖြည်းလူသိလာခဲ့ပြီးနောက်ပိုင်း  အခုတော့ တစ်နေ့ကို ၂ သိန်းဝန်းကျင်ခန့်ရောင်းရပါတယ်။

“ နေ့လယ် ၃ နာရီ ၄ နာရီလောက်ဆို လက်မလည်ဘူး။ ရောင်းရတယ်။ စရောင်းတုန်းက တစ်ပွဲ ၅၀၀ ကနေ အခုတော့ ကုန်ဈေးနှုန်းကြောင့် တစ်ဖြည်းဖြည်းတက်လာတာ တစ်ပွဲ ၈၀၀ ပေါ့။ အရင်က ၃ သောင်းဖိုးလောက်ရောင်းရတာပျော်တာပေါ့။ အခုတော့လည်း ပိုပြီးရောင်းလာရပါတယ်” လို့ မတူးမာက ပြောပါတယ်။

မတူးမာရဲ့စဉ့်အိုးလေးအသုပ်ဆိုင်ကို မြည်းစမ်းချင်သူတွေအတွက်

ဒီဆိုင်လေးကတော့ သာကေတမြို့နယ်၊ မာန်ပြေလမ်းမကြီး ၊ (၂၁) လမ်းထိပ် အနီးမှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နေ့လယ် ၁ နာရီကနေ ည ၇ နာရီလောက်ထိရှိပါတယ်။ ဒါကြောင့်မို့ နေ့ခင်းနေရိပ်ချိန်မှာ အဆာပြေ အသုပ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ အညာစတိုင်လက်ရာလေးကို စားချင်သူတွေအတွက်တော့ စဉ့်အိုးလေးအသုပ်ဆိုင်က အဆင့်သင့်စောင့်ကြိုနေမှာပါနော်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က