စက်ဘီးအစုတ် ၁၀၀ ဝန်းကျင်လည်း ဘာလင်ဂ်တန်မြို့ထဲမှာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

အိုလံပစ်ရွှေတံဆိပ်ဆုရှင် အပြေးချန်ပီယံ အူစိန်ဘော့ ပူးတွဲတည်ထောင်ထားတဲ့ Bolt Mobility ကုမ္ပဏီဟာ ဈေးကွက်တွေကနေ ရုပ်သိမ်းသွားပြီလို့ ယူဆရပါတယ်။ 

မိုင်ယာမီအခြေစိုက် e-Bike အငှားလုပ်ငန်း Bolt Mobility ဟာ အမေရိကန်ဈေးကွက်နေရာ အများအပြားကနေ ဖျက်သိမ်းသွားပုံ ပေါ်တယ်လို့ Tech Crunch သတင်းက ဖော်ပြပါတယ်။ Bolt Mobility အနေနဲ့ ရုတ်တရပ်ကြီး ဈေးကွက်က ထွက်ခွာသွားတာ ဖြစ်ပြီး ပစ္စည်းကိရိယာတွေကိုလည်း ဒီအတိုင်း ထားခဲ့တာ ဖြစ်သလို ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး မေးခွန်းပေါင်း သောင်းခြောက်ထောင်ကိုလည်း အီးမေးလ်ရော ဖုန်းခေါ်ဆိုမှုပါ ဖြေဆိုခြင်း မရှိတော့ဘူးလို့ ပြောပါတယ်။ 


Bolt Mobility ကို ကယ်လီဖိုးနီးယားပြည်နယ် ဗားမောင့်နဲ့ ရစ်ချ်မွန်းတို့မှာ ရှိတဲ့ ပေါ့တ်လန်း ၊ အော်ရီဂွန် ၊ ဘာလင်ဂ်တန် ၊ တောင်ဘာလင်ဂ်တန် နဲ့ ဝီနူးစကီအပါအဝင် အနည်းဆုံး အမေရိကန်မြို့ကြီး ၅ မြို့မှာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားတာ ဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ဆိုပါတယ်။ဘာလင်ဂ်တန်မြို့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အဆိုအရ မြို့မှာ ကျန်ခဲ့တဲ့ စက်ဘီး ၁၀၀ ဝန်းကျင်က အစုတ်တွေဖြစ်ပြီး ဘက်ထရီလည်း သေနေကြတယ်လို့ ဆိုပါတယ်။ 

တခြား မြို့ကိုယ်စားလှယ်တွေဘက်ကလည်း သူတို့အနေနဲ့ Bolt Mobility ရဲ့ အမှုဆောင်အရာရှိချုပ် အစ်ဂ္ဂနာစီယို တီဇူးမတ်စ်အပါအဝင် ဘယ်သူ့ကိုမှ ဆက်သွယ်လို့ မရကြောင်း ပြောနေကြပါတယ်။ သတင်းဌာနတွေဘက်ကလည်း Bolt ကုမ္ပဏီရဲ့ဆက်သွယ်ရေးဌာနကို အီးမေးလ်တွေ ပေးပို့ခဲ့ပေမယ့် ပြန်ပြီး ဖြေဆိုတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လက Bolt အတွက် ကိုယ်စားပြုပေးနေတဲ့ PR Agency ဘက်ကလည်း ယင်းတို့အနေနဲ့ Bolt Mobility ကုမ္ပဏီနဲ့ အလုပ်ဆက်မလုပ်တော့ဘူးလို့ ဖြေပါတယ်။ Bolt Mobility ကုမ္ပဏီဟာ ပေါ့တ်လန်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကစပြီး ဝန်ဆောင်မှု ရပ်ဆိုင်းခဲ့တာပါ။ 

ကုမ္ပဏီအနေနဲ့ အသစ်ပြင်ဆင်လိုက်တဲ့ အာမခံနဲ့ မြို့ကို ထောက်ပံ့မှု မလုပ်နိုင်ခဲ့သလို အပ်ငွေတွေလည်း ပြန်ထုတ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ပေါ့တ်လန်းအာဏာပိုင်တွေဟာ Bolt ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်ခွင့် ပါမစ်ကို ယာယီဆိုင်းငံ့ထားတယ်လို့လည်း မြို့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ Bolt Mobility ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၁၈ လကအထိ ဈေးကွက်ဖွံ့ဖြိုးမှုအတက်ပြခဲ့တယ်လို့ ယူဆရပြီး ၂၀၂၁ ဇန်နဝါရီလထဲမှာ Gotcha နဲ့ OjO Electric ကုမ္ပဏီတွေကို ပိုင်ဆိုင်တဲ့ Last Mile Holdings ရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူခဲ့ပါတယ်။ 


Last Mile ရဲ့ ပိုင်ဆိုင်မှုတွေကို လက်လွှဲဝယ်ပြီးနောက် Bolt ဟာ ဘာလင်ဂ်တန် ၊ တောင် ဘာလင်ဂ်တန် နဲ့ ဝီနူးစကီမြို့ကြီးတွေ အပါအဝင် ဗားမောင့် Chittenden ကောင်တီရဲ့ e-Bike အငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် လုပ်ငန်းဆက်လည်ပတ်ခဲ့တာပါ။ ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှာ လိုင်စင်ကို အသစ်ပြန်လျှောက်ထားခဲ့ပေမယ့် အခုတော့ ထူးထူးဆန်းဆန်း ဈေးကွက်ကနေ ဖျက်သိမ်းသွားပြီလို့ ယူဆရပါတယ်။ 

ပေါ့ပေါ့ပါးပါး မြို့တွင်းသွား Bike Sharing ဝန်ဆောင်မှုတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက စီးပွားရေးဖွံ့ဖြိုးမှုအမြန်ဆုံး လုပ်ငန်းတွေ ဖြစ်ခဲ့ပါတယ်။ မိုဘိုင်းလ် App ကနေ ငှားရမ်းနိုင်တဲ့ စက်ဘီးအငှားဝန်ဆောင်မှုလုပ်ငန်းတွေထဲမှာ oBike ၊ ShareBikeSG ၊ Mobike စတဲ့ နာမည်ကျော် Bike Sharing ဝန်ဆောင်မှုတွေ ကမ္ဘာအနှံ့ ပျံ့နှံ့လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အာရှဈေးကွက်တွေမှာ Bike Sharing ဝန်ဆောင်မှုတချို့ ထွက်ခွာသွားခဲ့သလို အတော်များများကလည်း ဈေးကွက်မှာ ရပ်တည်ဖို့ ရုန်းကန်နေရတာတွေ ရှိလာနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က