နာမည်ကျော် Fighting Game တစ်ခုဖြစ်တဲ့ Tekken ဟာ Esports တန်းဝင်ဂိမ်းတစ်ခုဖြစ်သလို ကမ္ဘာ့အစောဆုံး Fighting Game တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
Tekken ပြိုင်ပွဲကြီးကို ကမ္ဘာ့အကြီးဆုံး Fighting Game ပြိုင်ပွဲဖြစ်တဲ့ Evolution Championship မှာ ကျင်းပလေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း ချန်ပီယံအသစ်တွေကို မွေးထုတ်ပေးလျက်ရှိပါတယ်။ Evolution Championship (သို့မဟုတ်) Evo ကိုတစ်နှစ်တစ်ခါ နှစ်စဉ် အမေရိကန်နိုင်ငံမှာကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်အပြင် ဂျပန်နိုင်ငံမှာပါ ပူးတွဲကာ တစ်နှစ်ကို ၂ ပွဲနှုန်း ကျင်းပခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အရောက်မှာတော့ Evo 2019 ပြိုင်ပွဲနှစ်ခုစလုံးရဲ့ တစ်ဦးတည်းသောချန်ပီယံ ထွက်ပေါ်လာခဲ့ပါတယ်။ သူကတော့ Arslan Ash ပါ။ Arslan Ash ဟာ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ပါကစ္စတန်နိုင်ငံသားတစ်ဦးပါ။ Tekken မကစားခင်က The King of Fighters ကစားသမားဖြစ်ပြီး ပါကစ္စတန်ရဲ့အကောင်းဆုံး KoF ကစားသမားလို့တောင် သတ်မှတ်ခံခဲ့ရပါတယ်။
Arslan Ash တစ်ယောက် Tekken ကိုပြောင်းကစားတဲ့အချိန်မှာလည်း အဲဒီဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ သူ့ရဲ့ပထမဦးဆုံး Tekken 7 ပြိုင်ပွဲဖြစ်တဲ့ FV X SEA Major Malaysia 2018 မှာ အဆင့် ၁၂ နေရာသာရရှိခဲ့ပေမယ့် ဒုတိယမြောက်ပြိုင်ပွဲဖြစ်တဲ့ OUG Tournament 2018 ပြိုင်ပွဲမှာတော့ အံ့သြစရာလက်စွမ်းနဲ့အတူ ဖိုင်နယ်မှာ နာမည်ကျော်ကိုရီးယား Tekken ကစားသမား Knee ကို အပြတ်အသတ်အနိုင်ယူပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါတယ်။
အဆိုပါပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် အများကတော့ Arslan Ash အနေနဲ့ Knee ကို ကြက်ကန်းဆန်အိုးတိုးပြီး နိုင်သွားတာဖြစ်တယ်လို့သာ သဘောထားခဲ့တာကြောင့် လုံလောက်တဲ့ အသိအမှတ်ပြုခံရမှု မရရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲဟာ Arslan အတွက်တော့ ခရီးကြမ်းကြီးရဲ့အစပဲ ရှိပါသေးတယ်။
Arslan Ash ဟာ OUG Tournament မှာ ချန်ပီယံဖြစ်ပြီးတဲ့နောက်မှာတော့ အကြီးမားဆုံး အပြင်းထန်ဆုံး Fighting Game ပြိုင်ပွဲကြီးဖြစ်တဲ့ Evo Japan 2019 ကိုဝင်ပြိုင်ခဲ့ပါတယ်။ Evo ပြိုင်ပွဲဟာ ကမ္ဘာ့အကြီးဆုံး Fighting Game ပြိုင်ပွဲဖြစ်တာနဲ့အညီ ကမ္ဘာတစ်ဝှမ်းက ပရော်ဖက်ရှင်နယ်ကစားသမားအားလုံးနီးပါး အစုံအလင်ပါဝင်ယှဉ်ပြိုင်ကြပါတယ်။
Tekken မှာ အအောင်မြင်ဆုံးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကိုရီးယား၊ ဂျပန်တို့က အကောင်းဆုံးကစားသမားတွေလည်း အပါအဝင်ပါပဲ။ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေတဲ့ Arslan အတွက်တော့ အဖွင့်ဟာ မလှပခဲ့ပါဘူး။ ပါကစ္စတန်နိုင်ငံကနေ ဂျပန်တို့ အမေရိကတို့လို့နိုင်ငံတွေကို သွားရောက်လည်ပတ်ဖို့အတွက် ဗီဇာလျှောက်ရတာဟာ အတော်လေးကိုခက်ခဲတဲ့ကိစ္စပါ။ ဗီဇာကိစ္စနဲ့တင် စိတ်ဓာတ်ကျလာတဲ့ Arslan ဟာ လက်လျှော့ဖို့ ဆုံးဖြတ်ခါနီးအခြေအနေမှာပဲ မိတ်ဆွေတစ်ဦးရဲ့အကူအညီနဲ့ ဗီဇာရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဗီဇာပြဿနာကတော့ ပြီးဆုံးသွားပေမယ့် ကျန်တဲ့ပြဿနာတွေက Arslan ကိုအသင့်စောင့်ကြိုနေခဲ့ပါတယ်။ လေယာဉ်လက်မှတ်ဖြတ်ပြီးလို့ လေဆိပ်ရောက်နေမှ လေယာဉ်ပေါ် အတက်မခံလို့ နောက်ထပ်လက်မှတ်ထပ်ဖြတ်ရတာ၊ မလေးရှားလေဆိပ်မှာ အရစ်ခံရလို့ ၂ ရက်ကျော်သောင်တင်နေတာ၊ နောက်ဆုံးဂျပန်ကိုရောက်သွားပေမယ့် တိုကျိုလေဆိပ်က ပါကစ္စတန်နိုင်ငံသုံးရူပီးကို လက်မခံလို့ တစ်ရက်တိတိ ဘာမှမစားခဲ့ရတာ အစုံပါပဲ။
အဲဒီလိုပြဿနာအစုံကြုံခဲ့ရတဲ့ Arslan ဟာ ပြိုင်ပွဲကိုရောက်သွားတဲ့အခါမှာတော့ သူ့ရဲ့မကျေနပ်ချက်တွေကို ဖွင့်ချပစ်တဲ့အလား ကမ္ဘာ့အကောင်းဆုံး Tekken 7 ကစားသမားတွေကို တစ်ဦးချင်းစီ အနိုင်ယူပြီး ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Arslan တစ်ယောက် သူနဲ့ထိုက်တန်တဲ့ လေးစားမှုတွေ အသိအမှတ်ပြုမှုတွေ ရရှိခဲ့ပါတယ်။ သူ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ကိုရီးယား Tekken ကစားသမား Knee ကတောင် ပြိုင်ပွဲအပြီးမှာ ပါကစ္စတန်အထိလာရောက်ပြီး သူ့ဆော့ပုံတွေကို လေ့လာသင်ယူခဲ့ပါတယ်။ Arslan Ash ကတော့ ဒီလောက်နဲ့ရပ်တန့်မသွားခဲ့ပါဘူး။
Evo Japan ဟာပြိုင်ပွဲကြီးတစ်ခုဆိုပေမယ့် သူ့စီနီယာဖြစ်တဲ့ Evo Las Vegas လောက်တော့ မကြီးပါဘူး။ Evo Las Vegas ဟာ အနောက်နိုင်ငံတော်တော်များများက ပရိသတ်တွေ လာရောက်အားပေးတတ်ကြပြီး စံချိန်တင်လောက်တဲ့အတထိ ဝင်ရောက်ယှဉ်ပြိုင်သူတွေ များပြားလွန်းတဲ့ပြိုင်ပွဲပါ။
Arslan Ash ဟာလည်း ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲမှာ စာရင်းဇယားအရ ကမ္ဘာ့အကောင်းဆုံး Tekken ကစားသမားလို့ ပြောလို့ရတဲ့ Knee နဲ့ပဲထပ်မံယှဉ်ပြိုင်ခဲ့ရပါတယ်။ Best of 5 ကစားရတာဖြစ်ပြီး ၅ ပွဲစလုံးအပြည့်ယှဉ်ပြိုင်ခဲ့ရကာ နောက်ဆုံးမှာတော့ Arslan Ash ကပဲ 3-2 ရလဒ်နဲ့ ချန်ပီယံဆုကို ထပ်မံဆွတ်ခူးသွားခဲ့ပါတယ်။
Arslan Ash ဟာ တစ်နှစ်ထဲမှာတင် Evo Champion ဆုနှစ်ခုကိုယူကာ Esports လောကမှာ ပါကစ္စတန်ဟာ လျှော့တွက်လို့မရတဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်းFighting Game Community တစ်ခုလုံးကို သက်သေပြခဲ့ပါပြီ။ လက်ရှိအချိန်မှာလည်း ပြိုင်ဘက်ကစားသမားများရဲ့ လေးစားမှုကိုရရှိထားတဲ့သူဖြစ်တဲ့အပြင် ပါကစ္စတန် Gaming Community ရဲ့ ကြယ်တစ်ပွင့်အဖြစ်သတ်မှတ်ခြင်းကိုခံထားရတဲ့ Esports Player တစ်ဦးပဲဖြစ်ပါတယ်။
-Written by Myo Thant Kyaw
Share