အစာအိမ်ရောဂါဟာ မခံစားဖူးသေးရင် ပေါ့သေးသေးလို့ ထင်ရပေမယ့် ဖြစ်လာရင် ခံစားရခက်တဲ့ ဝေဒနာတွေ ပေးလေ့ရှိပါတယ်။ အစာအိမ်ယောင်ခြင်းဟာ ခေတ္တဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုအားလုံးအတွက် အဓိကလိုအပ်တဲ့ အာဟာရတွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းကောင်းမွန်မှသာ ပြည့်ပြည့်၀၀ရရှိတာ ဖြစ်ပါတယ်။
အစာအိမ်ရောဂါဝေဒနာရဲ့ ပြင်းထန်ခြင်း ၊ သက်သာလွယ်ခြင်းဟာ အစားအစာပေါ် ရာခိုင်နှုန်းများစွာ မူတည်ပါတယ်။ဒါကြောင့် အစာအိမ်ရောဂါရှိသူတွေဟာ အစားအသောက်ကို အတော်လေး ရွေးချယ်စားသောက်ရတာ ဖြစ်လို့ တစ်ခုခုစားမယ်စဉ်းစားရင် တည့်မတည့် မေးမြန်းကြရပါတယ်။ဒါကြောင့် Duwun က အစာအိမ်ရောဂါဝေဒနာရှိသူတွေအတွက် ရှောင်သင့်တဲ့ ၊ စားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
Photo : Freepik
ဘာတွေစားကြမလဲ
(၁) အမျှင်ဓာတ်များတဲ့ အစားအစာတွေစားပါ။
အစာအိမ်ရောဂါရှိသူတွေဟာ အစာကြေဖို့ ခက်ခဲတဲ့အတွက် အမျှင်ဓာတ်များတဲ့ အစားအစာတွေ ၊အစာကြေ လွယ်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ဖို့ လိုပါတယ်။အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာတွေ ဖြစ်တဲ့ အစေ့အဆန်များ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ပဲတို့ကို စားသုံးပေးသင့်ပါတယ်။
Photo : Freepik
(၂) အဆီနည်းတာတွေစားပါ။
အဆီနည်းသောအစားအစာများဖြစ်တဲ့ ငါး ၊ ကြက်သား နဲ့ ကြက်ဥတို့ကိုလည်း စားသုံးနိုင်ပါတယ်။
Photo : Freepik
(၃) အသီးအရွက်စားမယ်ဆိုပါက သတိပြုစားပါ။
အသီးအရွက်တွေ စားမယ်ဆိုရင်တော့ နူးအိအောင်ချက်ပြုတ်တာ ၊ ကြေညက်အောင် သတိပြုစားသင့်ပါတယ်။ အစာအိမ် ရောဂါရှင်တွေ စားသင့်တဲ့ အသီးအရွက်တွေကတော့ ကန်စွန်းရွက် ၊ ဘူးရွက် ၊ ပဲညွန့် ၊ ပန်းပွင့်စိမ်း ၊ ရွှေဖရုံသီး ၊ မုန်လာဥ ၊ အာလူး ၊ ကန်စွန်းဥတို့ကို စားသုံးနိုင်ပါတယ်။
Photo : Freepik
(၄) အက်ဆစ်ဓာတ်မပါဝင်တဲ့ သစ်သီးတွေစားပါ။
သစ်သီးတွေမှာဆိုရင် အက်ဆစ်ဓာတ်မပါဝင်သလောက်ဖြစ်တဲ့ သစ်သီးတွေ ၊ အယ်ကာလီဖြစ်တဲ့ သစ်သီးတွေကို စားသုံးနိုင်ပါတယ်။အထူးသဖြင့် ဖီးကြမ်းငှက်ပျောသီးနဲ့ သင်္ဘောသီးဟာ အစာအိမ်သမားတွေနဲ့ အတည့်ဆုံးဖြစ်ပါတယ်။ဒူးရင်းသီး ၊ သဖန်းသီး ၊ သခွားမွှေးသီး ၊ သရက်သီး ၊ စပျစ်ခြောက် ၊ သစ်တော်သီးတို့ကိုလည်း အသင့်အတင့်စားသုံးနိုင်ပါတယ်။
(၅) ပရိုင်ဘိုင်အိုတစ်ပါဝင်တဲ့ ဖြည့်စွက်စာများစားသုံးပါ။
လေ့လာမှုတွေအရ Helicobacter pylori (H. pylori) ကြောင့်ဖြစ်တဲ့ အစာအိမ်ရောင်ရမ်းခြင်းတွေမှာဆိုရင် ပရိုဘိုင်အိုတစ် ဖြည့်စွက်စာ စားသုံးခြင်းက အလွန်အကျိုးရှိပါတယ်။ H. pylori ဟာ အစာအိမ် ရောင်ရမ်းခြင်းရဲ့ (၉၀) ရာခိုင်နှုန်းသော အကြောင်းအရင်းဖြစ်တယ်လို့ ဆိုပါတယ်။ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပရိုဘိုင်အိုတစ် အစားအစာတွေက အစာအိမ်ရောင်တာကို ကူညီပေးနိုင်ပါတယ်။ ပရိုဘိုင်အိုတစ်ဆိုတာ အစာအိမ်နဲ့အူလမ်းကြောင်းကို အကျိုးပြုတဲ့ အနုဇီဝပိုးတွေဖြစ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ ကင်မ်ချီ ၊ ဒိန်ချဉ် ၊ ပါဝင်သလို ဆေးဆိုင်မှာလည်း ဆေးလုံးအနေနဲ့ ဝယ်ယူသောက်သုံးနိုင်ပါတယ်။
ဒါတွေကို ရှောင်ပါ။
(၁) အဆီများတဲ့အစားအစာတွေ
အဆီများတဲ့ အစားအစာတွေဟာ အစာအိမ်အတွင်းပိုင်း ရောင်ရမ်းမှုကို ပိုဆိုးစေပါတယ်။ ဒါ့အပြင် အစားအစာ ဓာတ်မတည့်မှုတွေနဲ့ စားနေကြ မဟုတ်တဲ့ အစားအသစ်အဆန်းများ (ဥပမာ-ပင်လယ်စာများ)ကိုလည်း အစာရောင်နေချိန် ရှောင်ကျဉ်သင့်ပါတယ်။ ဝက်သား ၊ အမဲသား ၊ ဆိတ်သားတို့ဟာလည်း အစာကြေ မလွယ်တဲ့အတွက် ဆင်ခြင်စားသောက်သင့်ပါတယ်။
(၂) အက်ဆစ်အထွက်များစေတဲ့ အစားအစာတွေ
ဒါ့အပြင် အရက် ၊ ဘီယာ ၊ ကဖိန်းဓာတ် (ကော်ဖီ ၊ လက်ဖက်ရည် ၊ ရေနွေးကြမ်း) နဲ့ ဂတ်စ်ပါတဲ့အချိုရည်တွေဟာလည်း အစာအိမ်ယောင်ယမ်းမှုကို ဆိုးရွားစေပါတယ်။ အစာအိမ် ရောင်တဲ့သူတွေဟာ အက်ဆစ်အထွက်များစေတဲ့ အစားအစာတွေဖြစ်တဲ့ ဆီကြော်စာတွေ (ဥပမာ- စမူဆာ ၊ ကော်ပြန့် ၊ ပလာတာ ၊ အကြော် ၊ အီကြာကွေး) အစရှိတဲ့အစားစာတွေ ၊ အပူအစပ်အစားအစာတွေ (ဥပမာ-ငရုတ်သီး ၊ ငရုတ်ကောင်း ၊ ဂျင်း ၊ ကြက်သွန်နီ )ကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။
(၃) အချဉ်အရသာရှိတဲ့ အသီးအရွက်တွေ
သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေမှာဆိုရင်တော့ အချဉ်အရသာရှိတဲ့ အသီးအရွက်တွေကို ရှောင်ရမှာဖြစ်ပြီး သံပုရာသီး ၊ ရှောက်သီး ၊ ကျွဲကောသီး ၊ ခရမ်းချဉ်သီး ၊ နာနတ်သီး ၊ လိမ္မော်သီး ၊ စပျစ်သီး ၊ ကီဝီ ၊ မက်မွန် ၊စပျစ် ၊ ဘယ်ရီသီးတွေကိုလည်း အစာအိမ် ရောင်ရမ်းသူတွေဟာ အထူးသတိထား ရှောင်ရှားရမှာ ဖြစ်ပါတယ်။
(၄) မာကြောတဲ့အစားအစာတွေ
အထူးသဖြင့် မာကြောတဲ့အစားအစာတွေဟာ ရောင်ရမ်းနေတဲ့ အစာအိမ်နံရံကို ပွတ်တိုက်ချင်းဖြင့် ရောင်ရမ်းမှုကို ဆိုးရွားစေတဲ့အတွက် အစာမာတွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။
(၅) နို့နဲ့နို့ထွက်ပစ္စည်းတွေ
ဒါ့အပြင် နို့နဲ့နို့ထွက်ပစ္စည်းအားလုံးကိုလည်း အစာအိမ် ရောင်ရမ်းနေချိန် ရှောင်ကျဉ်သင့်ပါတယ်။
မြန်မာနိုင်ငံရဲ့ အစားစားသုံးမှု ပုံစံ ၊ အစားအစာသန့်ရှင်းရေးအရ အစာအိမ်ရောဂါဖြစ်ပွားသူတွေကို စစ်ဆေးကြည့်တဲ့အခါ အစာအိမ်ပိုးရှိနေတတ်ကြပါတယ်။ အစာအိမ်ပိုးရှိနေတဲ့အခါ အစာအိမ်နာတာရှည် ယောင်ယမ်းတာ ၊ အစာအိမ်အနာ ၊ အစာအိမ်ကင်ဆာ အစရှိတဲ့ ရောဂါတွေဖြစ်ပွားနိုင်တဲ့အတွက် မကြာခဏ ဗိုက်အောင့်တတ်တာ ၊ အစာမကြေတာ ၊ အစာအိမ် ရောင်တတ်သူတွေအနေနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှု ၊ ကုသမှုပြုလုပ်ဖို့ကိုလည်း အကြံပြုံတိုက်တွန်း ဖော်ပြ လိုက်ပါတယ်။
Ref: https://www.healthline.com