ဂျပန်ပရော်ဖက်ဆာတစ်ဦးက လျှာနဲ့လျက်ပြီး အစားအစာ အရသာတွေကို မြည်းစမ်းခံစားကြည့်လို့ရတဲ့ TV screen တစ်မျိုးရဲ့ ရှေ့ပြေးပုံစံကို တီထွင်ဖန်တီးလိုက်ပါတယ်။
Taste the TV (TTTV) လို့ခေါ်တဲ့ ကိရိယာမှာ အနံ့အရသာ ၁၀ မျိုးကို ဖြန်းလို့ရတဲ့ spray အရည်အဖြစ် ပေါင်းစပ်ပြီး TV screen ပေါ်မှာ မြင်တွေ့ရမယ့် အစားအစာ တစ်ခုချင်းစီရဲ့ အရသာကို ဖန်တီးထားတယ်လို့ ဆိုပါတယ်။
ထို့နောက် မြင်တွေ့နေရတဲ့ အစားအစာတစ်ခုရဲ့ အနံ့အရသာ နမူနာ spray ကို TV screen ပေါ်ရှိ ပိုးမွှားသန့်စင်ထားတဲ့ ဖလင်ပြားပေါ်မှာ ဖြန်းပေးလိုက်ရာ ကြည့်ရှုသူက လျှာနဲ့လျက်ပြီး အနံ့အရသာကို မြည်းစမ်းခံစားနိုင်ပါတယ်။ TV screen ပေါ်မှာ အသုံးပြုတဲ့ ဖလင်ပြားက တစ်ခါသုံးဖြစ်ပါတယ်။
အိမ်တွင်းအောင်းနေကြရတဲ့ COVID-19 ခေတ်ကာလမှာ ယခုလိုမျိုး နည်းပညာက လူတွေအတွက် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရန်နဲ့ တုံ့ပြန်ရန် နည်းလမ်းကို ပိုကောင်းမွန်စေနိုင်ကြောင်း Meiji တက္ကသိုလ်မှ ပရော်ဖက်ဆာ Homei Miyashita က ဆိုပါတယ်။ "ရည်ရွယ်ချက်ကတော့ လူတွေ အိမ်မှာနေပေမဲ့လည်း ကမ္ဘာတစ်ဖက်ခြမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ စားသလိုမျိုး အတွေ့အကြုံရနိုင်ဖို့ပါ" လို့ ပရော်ဖက်ဆာက ပြောပါတယ်။
ပရော်ဖက်ဆာ Miyashita က ယခုတီထွင်မှုကို ကျောင်းသူကျောင်းသား ၃၀ ခန့်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့အတူ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့က အစားအစာ အရသာပိုကောင်းစေတဲ့ ခက်ရင်းတစ်မျိုး အပါအဝင် အနံ့အရသာနဲ့ ဆက်နွယ်တဲ့ ကိရိယာအမျိုးမျိုးကို ထုတ်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
TTTV ရှေ့ပြေးပုံစံကို ယမန်နှစ်အတွင်း ကိုယ်ပိုင်ငွေသုံးပြီး ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပြီး စီးပွားဖြစ် ပုံစံအမျိုးအစားအတွက် တစ်ခုလျှင် ဂျပန်ယန်းငွေ ၁၀၀,၀၀၀ (မြန်မာကျပ်ငွေ ၁၅ သိန်းကျော်) ကုန်ကျမယ်လို့ ပရော်ဖက်ဆာက ပြောပါတယ်။
Ref and Photo: Reuters, The National News, Japan Times