ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ခံစစ်ကစားသမား ကက်စ်မဲရိုးကို ခေါ်ယူနိုင်ဖို့အတွက် နီးစပ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အဆိုပါ ဘရာဇီးကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၇) သန်း၊ တပတ်လုပ်ခ ပေါင် (၃၆၀,၀၀၀) အထိ ပေးချေဖို့ ပြင်ဆင်ထားပါတယ်။
ယူနိုက်တက်ဟာ ကက်စ်မဲရိုးကို တိုက်ရိုက်ကမ်းလှမ်းထားပြီးဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ရဲ့ မက်လောက်စရာ ဆွဲဆောင်မှုတွေကြောင့် အသင်းပြောင်းဖို့ စိတ်ဝင်စားလျက်ရှိပါတယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ကတော့ လက်ရှိအချိန်ထိ ကစားသမားအတွက် တစုံတရာ ကမ်းလှမ်းမှုမရရှိသေးပါဘူး။
ဒါပေမယ့်လည်း ယူနိုက်တက်ဘက်က ကက်စ်မဲရိုးကို ခေါ်ယူဖို့ ကြိုးစားနေတာကို အပြည့်အဝသိရှိထားပြီး ကမ်းလှမ်းမှုနဲ့ပတ်သက်လို့ ကစားသမားရဲ့ဆန္ဒအပေါ် အပြည့်အဝ လက်ခံပေးသွားမယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ပေးချေမယ့် ပြောင်းရွှေ့ကြေးကလည်း ရီးရဲလ်မက်ဒရစ်အတွက် ငြင်းဆန်နိုင်စရာ ပြောင်းရွှေ့ကြေး မဟုတ်ပါဘူး။
လာလီဂါရဲ့လက်ရှိချန်ပီယံဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းကို အားဖြည့်ထားတာကြောင့်လည်း အခုလိုပဲ ကက်စ်မဲရိုးကို လက်လွှတ်သွားဖို့ အခြေအနေရှိနေတာပါ။ ယူနိုက်တက်ဟာ ဂျူဗင်တပ်စ် ကွင်းလယ်လူ ရာဘီရော့နဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပြီးနောက် ကက်စ်မဲရိုးကို ချက်ချင်းအားစိုက် ကြိုးစားခဲ့ပါတယ်။ စပိန်ဘက်က ထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ကို လာမယ့်စနေမတိုင်ခင် တရားဝင်အပြီးသတ်လိုပါတယ်။
ဒါ့အပြင် နည်းပြတန်ဟက်ခ်ကလည်း တနင်္လာညမှာ ကစားမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ကက်စ်မဲရိုးကို ချက်ချင်းထည့်သွင်းအသုံးပြုသွားဖို့ ဆန္ဒရှိနေပါတယ်။ လက်ရှိ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့အောက်ဆုံးမှာ ရောက်ရှိနေပြီး လီဗာပူးနဲ့ပွဲမှာ သေချာပေါက် ရလဒ်ကောင်းရရှိဖို့ လိုအပ်နေပါတယ်။