ကိုဗစ်ပြသနာကြောင့် ပွဲစဉ် ၂ ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ ယူနိုက်တက်ဟာ ဒီနေ့မနက်ပိုင်းမှာ နယူးကာဆယ်နဲ့ပွဲစဉ်ကို ကစားခဲ့ရာမှာတော့ ၁ ဂိုးစီသရေနဲ့သာ ကျေနပ်လိုက်ရပါတယ်။ အဆင့် ၁၉ က အသင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ယူနိုက်တက်တို့ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဂိုးသမားဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် ရှုံးပွဲနဲ့တောင် ရင်ဆိုင်ရမယ့် အခြေအနေမှာ ရှိနေခဲ့ပါတယ်။
အဓိကကစားသမားအားလုံးကို အသုံးပြုခဲ့ပေမယ့် ရန်းဂ်နစ်ခ်ရဲ့အသင်းဟာ ဆိုးရွားတဲ့ပုံစံကိုသာ ပြသနိုင်ခဲ့ပါတယ်။ ဒီပွဲမကန်ခင်မှာ ၁၆ တိတိ ကစားသမားတွေ ပွဲမကစားခဲ့ရဘဲ ပြင်ဆင်ချိန်လည်းကောင်းကောင်းရခဲ့ပေမယ့် အသင်းကစားကွက်က မယ်မယ်ရရမရှိခဲ့ဘဲ ရုန်းကန်ခဲ့ရကာ မက်ဆီမင်ရဲ့ အစောပိုင်းဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီး ချေပဂိုးရဖို့အတွက်ကို တော်တော်လေးအားစိုက်ခဲ့ရပါတယ်။
လူစားဝင်လာခဲ့တဲ့ ကာဗာနီက အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့လို့သာ သရေတမှတ်အတွက် ကံကောင်းခဲ့တာဖြစ်ပါတယ်။ ဒီဂီယာက အပိုင်အခွင့်အရေး ၂ ကြိမ်ထက်မနည်း ကာကွယ်ပေးခဲ့လို့သာ သက်သာခဲ့တာဖြစ်ပြီး သူသာ လက်စွမ်းမပြခဲ့ရင် ရန်းဂ်နစ်ခ်အတွက် ပထမဆုံးရှုံးပွဲကိုတောင် ရင်ဆိုင်ရဖွယ်ရှိတဲ့အထိဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒိုလည်း ခြေစွမ်းမပြနိုင်ခဲ့ဘဲ တပွဲလုံးမှာ ဂိုးပေါက်တည့်မှုတောင် တကြိမ်မှ မရှိခဲ့ပါဘူး။ ရန်းဂ်နစ်ခ်က ၃ ပွဲကိုင်တွယ်ပေးပြီးချိန်မှာ ယူနိုက်တက်က တပွဲကို ၁ ဂိုးထက် ပိုမသွင်းနိုင်ဘဲဖြစ်နေပြီး သူ့ရဲ့ကစားကွက်ကို ယူနိုက်တက်ကစားသမားတွေ အပြည့်အ၀လိုက်မလုပ်နိုင်သေးတာကို မြင်တွေ့ခဲ့ရပါတယ်။ ရန်းဂ်နစ်ခ်ကိုယ်တိုင်လည်း အသင်းခြေစွမ်း၊ ရလဒ်နဲ့ပတ်သက်ပြီး စိတ်မသက်မသာဖြစ်နေတာကို အားလုံးမြင်တွေ့ခဲ့ရပါတယ်။
ဒီပွဲသရေရလဒ်ကြောင့် ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ၁၉ မှတ်ပြတ်တောက်သွားပြီဖြစ်ပြီး အဆင့်လေးနေရာက အသင်းနဲ့ ၇ မှတ်ကွာဟနေပြီဖြစ်ပါတယ်။ လက်ကျန် ၂ ပွဲကစားရဖို့ရှိနေပေမယ့် ၂ ပွဲစလုံးအနိုင်ရရင်တောင် ထိပ်ဆုံး ၄ သင်းနေရာကို ရောက်ရှိဦးမှာမဟုတ်ဘဲ သူတို့အတွက် လာမယ့်ပွဲစဉ်တွေက ပိုပြီးစိန်ခေါ်မှုပြင်းထန်လာမှာလည်းဖြစ်ပါတယ်။