မာတီနက်ဇ်ရဲ့ အပြုအမူတွေကို ထိန်းချုပ်ဖို့အတွက် ပြောဆိုသွားမှာပါ။

အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီကတော့ သူ့အသင်းဂိုးသမား မာတီနက်ဇ်ရဲ့ အမူအကျင့်တွေနဲ့ပတ်သက်ပြီး စကားပြောဆိုမှုတွေပြုလုပ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဖလားရပြီးနောက် အာဂျင်တီးနားနဲ့အတူ အောင်ပွဲခံရာမှာ ဝေဖန်မှုတွေ ရင်ဆိုင်နေရတဲ့ မာတီနက်ဇ်ကို အသင်းဆီပြန်ရောက်လာချိန်မှာ တွေ့ဆုံသွားမယ်လို့ သူက အတည်ပြုခဲ့တာပါ။ 

မာတီနက်ဇ်ဟာ ရွှေလက်အိတ်ဆုရယူပြီးနောက် မဖွယ်မရာပုံစံနဲ့ အောင်ပွဲခံခဲ့သလို အာဂျင်တီးနားကို ပြန်ရောက်လာချိန်မှာလည်း ဘတ်ပီကို ရည်ရွယ်ပြီး လှောင်ပြောင်အောင်ပွဲခံမှုတွေ လုပ်သွားခဲ့ပါတယ်။ ဘတ်ပီကို လှောင်ပြောင်မှုနဲ့ပတ်သက်ပြီး ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ Noel La Graet က တိုင်တန်းမှုတွေ ပြုလုပ်ခဲ့ပြီး ဒီ အမူအကျင့်နဲ့ပတ်သက်ပြီးတော့လည်း သတိပေးခဲ့ပါတယ်။ 

အူနိုင်းအမ်မရီက "သူ လာမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့ဆို အသင်းကိုပြန်ရောက်မှာပါ၊ အဲဒီအချိန်မှာ သူန​ဲ့ ကျနော်စကားပြောသွားမှာပါ၊ ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုကို ကျနော်ပိုတွေးတောဖြစ်ပါတယ်၊ ပြီးတော့ သူ့ရဲ့ အောင်ပွဲခံပုံပေါ့၊ သူ့ရဲ့ စွမ်းဆောင်ရည်ကိုပဲ ကျနော်ပိုပြီးအာရုံစိုက်ချင်တာပါ၊ ပြီးတော့ ကျနော်တို့ သူ ဘယ်လိုအောင်မြင်မှုတွေယူနိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ချင်တယ်"

"သူနဲ့ အခု စကားပြောရပါတော့မယ်၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ်တာ၊ ကိုယ့်ကိုယ်ကိုထိန်းချုပ်တာမျိုးဖြစ်စေချင်လို့ပါ၊ ကျနော်တို့မှာ တန်ဖိုးတွေရှိပါတယ်၊ ပြိုင်ဘက်ကစားသမားတွေရှိနေချိန်မှာ၊ ကျနော်တို့ အတူတူရှိနေချိန်မှာ ကိုယ့်ရဲ့ အမူအကျင့်တွေကို အာရုံစိုက်ရမှာပါ၊ ၉၀% လောက်က သူ့ရဲ့ စွမ်းဆောင်ရည်၊ သူ့အတွက်ဂုဏ်ယူတဲ့အကြောင်းတွေ ပြောဖြစ်မှာပါ" လို့ ဆိုပါတယ်။ 


မာတီနက်ဇ်ဟာ ဒီအောင်ပွဲခံမှုတွေအတွက် အဆင့်အတန်းမရှိတဲ့ ကစားသမားတဦးလို့တောင် ပရိသတ်တွေက ပြောဆိုခဲ့ကြပြီး ဝေဖန်ပြစ်တင်မှုတွေ အများအပြားကိုလည်း ရင်ဆိုင်နေရပါတယ်။ 

Share

Loading Next Article...
က္က