Opta Power Ranking ရဲ့ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေကို အဆင့်သတ်မှတ်ချက်မှာ ရော်နယ်ဒိုရဲက အယ်လ်နာဆာအသင်းဟာ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းထက် ပိုမိုမြင့်မားတဲ့ အဆင့်နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဆော်ဒီကလပ်တွေဟာ အဆင့် ၁၀၀ အတွင်းမှာကို ဝင်ရောက်နိုင်ခဲ့တဲ့အထိ ရှိနေခဲ့ပါတယ်။
အယ်လ်နာဆာဟာ အဆင့် ၈၆ နေရာမှာ ရပ်တည်နေပြီး အင်တာမိုင်ယာမီကတော့ အဆင့် ၂၃၆ မှာ ရှိကာ အဆင့်ပေါင်း ၁၅၀ လောက် ကွာခြားနေပါတယ်။ ဒါဟာ ဆော်ဒီလိဂ်က မေဂျာလိဂ်ထက် ပိုကောင်းတယ်ဆိုတဲ့ ပြောဆိုမှုတွေက မှန်ကန်တယ်ဆိုတာကို သက်သေပြလိုက်သလိုလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အယ်လ်နာဆာဟာ ဆော်ဒီရဲ့ အကောင်းဆုံးအသင်းတော့ မဟုတ်သေးပါဘူး။ နေမာရဲ့ အယ်လ်ဟီလယ်အသင်းက အဆင့် ၇၅ မှာ ရပ်တည်နေကာ ဆော်ဒိအကောင်းဆုံးအသင်းအဖြစ်ရှိနေပြီး ဘန်ဇီမာကစားနေတဲ့ အယ်လ်အီတီဟတ်ကတော့ အဆင့် ၉၇ မှာ ရပ်တည်နေတာကို တွေ့ရပါတယ်။
ဆော်ဒီကလပ်တွေဟာ လီဂူးကလပ် လိုင်ယွန်၊ စကော့တလန်ကလပ် ဆဲလ်တစ်၊ ပရီးမီးယားလိဂ်ကလပ် ဘန်လေတို့ထက် ပိုမြင့်မားတဲ့ အဆင့်မှာ ရှိနေခဲ့ပါတယ်။ အင်တာမိုင်ယာမီ ရပ်တည်နေတဲ့အဆင့်ကတော့ တော်တော်လေးကို ဆိုးရွားတယ်လို့ ယူဆနိုင်မှာဖြစ်ပြီး အခြားသော အာရှကလပ်တွေရဲ့ နောက်မှာပါ ရှိနေခဲ့တာဖြစ်ပါတယ်။