ပေါ်တူဂီအဆိုတော်တစ်ယောက်ဖြစ်တဲ့ ဖာနန်ဒိုဒန်နီယဲယ်က ရော်နယ်ဒိုတို့အဖွဲ့ ကျင်းပစီစဥ်ခဲ့တဲ့ သီးသန့်ပါတီပွဲတစ်ပွဲမှာ ဖိတ်ကြားခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အဆိုပါ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အကြောင်းရင်းကတော့ ပွဲစီစဥ်တဲ့အဖွဲ့ဟာ ထိုက်သင့်တဲ့ အနုပညာကြေး ပေးချေဖို့ ဆန္ဒမရှိခဲ့တာကြောင့်လို့ သိရှိရပါတယ်။
ဒန်နီယဲယ်ဟာ ပေါ်တူဂီနိုင်ငံမှာ နာမည်ကျော်ကြားတဲ့ အဆိုတော်၊ တေးရေးဆရာတစ်ယောက်ဖြစ်ပြီး Factor X နဲ့ The Voice Portugal တို့မှာ ပါဝင်ခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အသက် (၂၇) နှစ်အရွယ် ပေါ်တူဂီလူမျိုးအဆိုတော်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာလည်း အကောင်းဆုံး Portugal Act MTV Europe Music Award ကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။
အခု ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဖြစ်ပွားခဲ့တဲ့ ကိစ္စကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး ရော်နယ်ဒိုအတွက် ကျင်းပတဲ့ သီးသန့်ပါတီပွဲမှာ သူ့ကို ဖိတ်ကြားခဲ့တာပါ။ ဒန်နီယဲယ်ကတော့ ရော်နယ်ဒိုရှိတဲ့ပွဲမှာ ဖျော်ဖြေခွင့်ရမှာက သူ့အတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ခဲ့ပေမယ့် ပွဲစီစဥ်သူနဲ့ အနုပညာကြေး ညှိနှိုင်းတဲ့အချိန်မှာတော့ တစ်ဖက်က အနုပညာကြေးမပေးလိုတာကြောင့် ဆွေးနွေးမှုတွေက ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်းကို ဒန်နီယဲယ်က “သူတို့ဘက်က ကျွန်တော် တောင်းဆိုတဲ့ အနုပညာကြေးပမာဏကို ပေးချေဖို့ မထိုက်တန်ဘူးဆိုတာနဲ့ပဲ ဒီကိစ္စက အဆုံးသတ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပွဲက လူနည်းနည်းလေးအတွက်ပဲ လုပ်တဲ့ပွဲဖြစ်နေလို့ပါ။ ဒါပေမယ့် ဒီဖြစ်ရပ်ကြောင့် ရော်နယ်ဒိုအပေါ် ထားတဲ့ ပုဂ္ဂိုလ်ရေးအရရော၊ ပရော်ဖက်ရှင်နယ်အရ အမြင်တွေက ဘာတစ်ခုမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး”
“နောက်ပြီး သေချာတာတစ်ခုက ဒီကိစ္စက ရော်နယ်ဒိုဆီတောင် ရောက်လိုက်မှာ မဟုတ်ပါဘူး။ ရော်နယ်ဒိုမှာက အခြားစဥ်းစားစရာကိစ္စတွေ အများကြီးရှိနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒန်နီယဲယ်ပြောသလိုပဲ ဒီကိစ္စက ရော်နယ်ဒိုသာ သိရှိခဲ့မယ်ဆိုရင် ဒန်နီယဲယ်အတွက် ထိုက်သင့်တဲ့ အနုပညာကြေးတစ်ရပ်ကို ရရှိအောင် ညှိနှိုင်းပေးနိုင်ဖွယ်ရှိပြီး ရော်နယ်ဒိုကိုယ်တိုင်ကတော့ ဒါမျိုးအဖြစ်ခံမှာမဟုတ်ဘူးလို့ပဲ ယုံကြည်ရပါတယ်။