အဆိုတော်မေမဒီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ခရီးတစ်ခုကအပြန် အမြန်လမ်းပေါ်မှာ ကား Accident ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ရပြီး ၈လပိုင်းထဲမှာ ယခုလိုအဖြစ်မျိုး ကြုံတာ ၂ခေါက်ရှိပြီဖြစ်တဲ့အကြောင်းကိုဖြေကြားလာပါတယ်။
"၈လပိုင်းထဲမှာပဲ ကား Accident နှစ်ခါဖြစ်တာပေါ့နော်။ မွေးနေ့မတိုင်ခင်ကနဲ့ မွေးနေ့အပြီး နှစ်ခါဖြစ်တာပေါ့။ အမြန်လမ်းမှာဖြစ်တာ၊ ဒါကလည်း အပျော်ခရီးမဟုတ်ဘူးပေါ့နော်၊ ဘုရားတည်ပြီးအပြန်ဆိုတော့ ၊တိုးဂိတ်အကျော်မှာ အားလုံးက အိပ်ငိုက်တာလည်းမရှိဘူး။ စကားတွေတပြောပြောနဲ့လာကြတာ၊ မိုင်တိုင်တစ်ခုအရောက်မှာ ကားက စလစ်ဖြစ်သလိုဖြစ်ပြီး မှောက်သွားတာပေါ့" ဆိုပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အကြောင်းကိုပြောပြလာပါတယ်။
Photo- May Madi FB
အဲဒီခရီးစဉ်ကိုတော့ အဆိုတော်ပိုးမီတို့လည်းလိုက်ပါခဲ့ကြပြီး အဆိုတော်ပိုးမီကတော့ ဦးခေါင်းကွဲ သွားတဲ့ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုတော် မေမဒီကတော့ ထိခိုက်ဒဏ်ရာ မပြင်းထန်ဘဲ ဒူးခေါင်းစုတ်ပြတ်ဒဏ်ရာတွေ ရရှိခဲ့တာပါ။
"ခရီးသွားတာ ၄ ယောက်ဆိုတော့ မှောက်တဲ့အချိန်မှာ ညီမအပါအဝင် ကျန်တဲ့ ၂ ယောက်က ကားပေါ်က ဆင်းလာနိုင်တယ်။ ဒါပေမယ့် မပိုးမီတံခါးကိုဆွဲဖွင့်တာ ဖွင့်လို့မရဘူး။ တံခါးနဲ့ညပ်နေတာ၊ ယောက်ျားလေးတွေ လာကူမှပဲ ဖွင့်လို့ရတယ်။ သူလည်းထွက်လို့ရရော အကုန်လုံးကို သူလိုက်မေးတယ်။ ဘာဖြစ်သွားကြသေးလဲဆိုပြီး မေးတော့ ဘာမှ မဖြစ်ဘူးဆိုပြီးပြောမှ သူစိတ်လျှော့လိုက်တာ သူ့ခေါင်းမှာ သွေးတွေ တောက်တောက် တောက်တောက် ကျလာတယ်။ မပိုးမီလည်း သတိကောင်းတယ်။ သွေးတန်းလန်းနဲ့ကို သတိမမေ့ဘူး"ဆိုပြီး ပြောပြလာပါတယ်။
Photo-Poe Mi FB
အဆိုတော်မေမဒီနဲ့ ပိုးမီအပါအဝင် ကျန်နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ ဆိုးဆိုးဝါးဝါးမရရှိခဲ့ကြဘဲ အသက်ဘေးကနေ လွတ်မြောက်ခဲ့ရတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရမှာပါ။
" ညီမတို့မှောက်တဲ့နေရာက လူစားတယ်လို့ အဲဒီကရဲတွေပြောတယ်။ ခဏခဏ လူသေတယ်။ မိသားစုလိုက် သေကြတာတွေတောင် ရှိတယ်ပြောတယ်။ ညီမတို့မှောက်တုန်းကဆိုလည်း စတီယာရင်ကြီးကို ဆွဲချသွားတာ ဒီအတိုင်းကြီး။ ညီမတို့လည်းအသိကပ်တယ် ၊မူးယစ်သောက်စားလာကြတာလည်းမဟုတ်ဘူး။ မှောက်တုန်းကဆိုလည်း စတီယာရင်ကြီး မဲမဲကြီးကို ဆွဲချသွားတာ၊ ကားက နိုင်ငံခြားကားတွေထဲကလို သုံးလေးပတ် လိမ့်ပြီးမှကို မှောက်တာဆိုတော့ အဲ့နားက လူတွေဆို သေပြီလို့တောင် ထင်ကြတာ၊ မင်းတို့တွေ တော်တော် ကံကောင်းကြတာပဲဆိုပြီးတော့လည်း ပြောတယ်"ဆိုပြီး အဆိုတော် မေမဒီက ပြောပြလာပါတယ်။
Photo-May Ma Di FB
မေမဒီကိုတော့ ပရိသတ်တွေက Myanmar idol(Season-3) သီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ကတည်းက စတင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ စတုတ္ထမြောက် Result Show မှာ ပရိသတ်ကို နှုတ်ဆက်ထွက်ခွာခဲ့ရသူပါ။ ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ သူမဟာ Group Song အခွေ တွေမှာလည်း ပါဝင်သီဆိုနေရသူဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် သြဂုတ်လ(၇) ရက်နေ့ တုန်းကလည်း သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ "This is May Ma D" အခွေကိုထွက်ရှိထားပါတယ်။