မောင်နှမတွေအတွက် စိတ်ချရပြီဆိုမှ အချစ်ရေးအကြောင်းစဉ်းစားပါမယ်တဲ့။

ဇေရဲထက်ဟာ သူချစ်ရတဲ့ မိသားစုကို ဦးစားပေးနေတာကြောင့် အချစ်ရေးကို မစဉ်းစားသေးဘူးလို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ဆင်းရဲတဲ့ မိသားစုဝင်တွေထဲက မွေးဖွားလာတဲ့သူ တစ်ယောက်ဖြစ်တယ်လို့ ပြောပြခဲ့ပါသေးတယ်။

Photo: Zay Ye Het



သရုပ်ဆောင် ဇေရဲထက်က အခုဆိုရင် အသက် ၃၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ မွေးချင်းမောင်နှမတွေနဲ့ မိဘနှစ်ပါးကို စိတ်ချလက်ချ ပြည့်ပြည့်စုံစုံထားနိုင်ပြီဆိုမှသာ အချစ်ရေးကို စဉ်းစားမယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ငယ်သေးပါတယ်။ ကျွန်တော့်အသက်က ၃၁ နှစ်ပဲရှိသေးတယ်။ ကျွန်တော့် မိသားစုအတွက်၊ ကျွန်တော့် မောင်နှမတွေအတွက် မပေးဆပ်ရသေးဘူးပေါ့နော်။ မောင်နှမ ၄ ယောက်ရှိတာပါ။ ၃ ယောက်အတွက် စိတ်ချပြီးမှပဲ။ စိတ်ချပြီးမှပဲဆိုရင်တော့ အသက် ၇၀ ကျော်မှာပေါ့နော်’’ လို့ သဘောကျရယ်မောရင်းပြောပြခဲ့ပါတယ်။

Photo: Zay Ye Het

ဇေရဲထက်ဟာ အနုပညာအလုပ်အပေါ် ဝါသနာပါလွန်းသူဖြစ်တာကြောင့် ရန်ကုန်မှာ တစ်ယောက်တည်းနေပြီး အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဆင်းရဲတဲ့ မိသားစုဝင်တွေထဲက မွေးဖွားလာတဲ့သူဖြစ်တာကြောင့်လည်း အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်တဲ့။

‘’ကျွန်တော် ရန်ကုန် စရောက်လာကတည်းက မိဘတွေ ထောက်ပံ့ပေးမှု သိပ်မရှိဘူး။ ထောက်ပံ့ပေးနိုင်စွမ်းလည်း မရှိဘူး။ ကျွန်တော့် မိဘတွေက ချမ်းချမ်းသာသာထဲက မဟုတ်ဘူး။ သာမန်လူတွေဖြစ်တဲ့အတွက် ကျွန်တော် ဝါသနာပါတဲ့ အလုပ်ကို လုပ်တယ်။ အခုဆိုရင် ပိုပြီး မြင့်မားတဲ့ ဘဝကို ရောက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်ထိ သူများအပေါ် မတရားတာ ဘာမှ မလုပ်ခဲ့ဘူး။ ကိုယ်တတ်နိုင်သလောက်လှူတယ်။ ကျွေးတယ် အဲ့ဒီစိတ်တွေနဲ့ပဲ နေခဲ့တယ်'' လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Zay Ye Het

ဇေရဲထက် ကိုတော့ သရုပ်ဆောင် တစ်ယောက် စဖြစ်ကတည်းက ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေ ရှိခဲ့ဖူးပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း စိတ်ဓာတ်ကျခဲ့ရတာတွေရှိပေမယ့် ကိုယ်ကိုယ်တိုင်ပဲ ဖြေသိမ့်အားပေး ခဲ့ရတဲ့ အခိုက်အတန့်တွေကို ဝမ်းနည်းကြေကွဲရင်း ဆက်လက် ပြောပြလာပါသေးတယ်။

''တခြားမင်းသားတွေ၊ သရုပ်ဆောင်တွေ အကုန်လုံးမှာ အမေက ကာကွယ်ပေးတဲ့လူနဲ့ အဖေက ပြုစုပျိုးထောင်ပေးတဲ့လူနဲ့ အများကြီးတွေ့တယ်ပေါ့။ ကျွန်တော့်မှာကျတော့ နီးနီးကပ်ကပ် ဘယ်သူမှ စောင့်ရှောက်ခွင့်မရှိဘူး။ ကိုယ်တစ်ယောက်တည်းပဲ ရုန်းကန်ရတာဆိုတော့ တစ်ခါတလေကျရင် စိတ်ခံစားချက်တွေ များလာတဲ့အခါ ကိုယ်တစ်ယောက်တည်းပဲ နှစ်သိမ့်ရတယ်။ အဲ့ဒီအချိန်ဆို မိဘတွေကို အရမ်းသတိရတယ်'' လို့ ဇေရဲထက်က ဖြေဆိုခဲ့တာပါ။

Photo: Zay Ye Het

ဇေရဲထက်က အခုဆိုရင် ပြည်သူချစ် သရုပ်ဆောင် မင်းသား တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ကိုတော့ ဗီဒီယိုဇာတ်ကား. တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာခဲ့တာဖြစ်ပါတယ်. အခုလက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေသာ မက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေရတာ ကို တွေ့ရပါတယ်။ အဲ့ဒီနောက် သူစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိမ်လေးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က