အရင်တုန်းကနဲ့ မတူအောင် အများကြီး ပြောင်းလဲလာတဲ့ ခြူးလေးက ဒီပြောင်းလဲမှုတွေဟာ ပရိသတ်တွေနဲ့ သက်ဆိုင်တယ်လို့ဆိုပါတယ်။ အရင်က ခြူးလေးနဲ့ အခု ခြူးလေး မတူတော့ဘူးလို့လည်း သူကပြောပါတယ်။
Photo: HK
သရုပ်ဆောင်ခြူးလေးတစ်ယောက် သူ့ရဲ့ အပြောအဆို၊ အပြုအမူကအစ အများကြီး ပြောင်းလဲလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလို ပြောင်းလဲသွားတာကလည်း ပရိသတ်ကို ပေးထားတဲ့ ကတိအတိုင်း ပြောင်းလဲလိုက်တာပါလို့ Duwun Media ကနေပြောပြလာပါတယ်။
‘’ ခြူးလေးပြောထားတဲ့ ကတိအတိုင်းပါပဲ။ ၂၀၁၉ ထဲမှာ ပရိသတ်တွေကို အရင်တုန်းကနဲ့မတူတဲ့ ခြူးလေး အဖြစ်နဲ့ပြောင်းလဲသွားပါ့မယ်ဆိုတဲ့ ကတိအတိုင်း ခြူးလေး ပြောင်းလဲလိုက်တာပါ။ ပေါ့ပါးသွားတယ် Confidence ပိုရှိသွားတယ်။ အရင်လိုမျိုး ကြောက်ကြောက်လန့်လန့်နဲ့ ပွဲလာရင် ပြီးရင် ကုတ်ချောင်း ကုတ်ချောင်းနဲ့ ပြန်ပြေးသွားတဲ့ ကောင်မလေးတစ်ယောက်တော့ မဟုတ်တော့ဘူးပေါ့နော်။ စိတ်ကလည်း အရေးကြီးပါတယ်၊ အဲဒီ စိတ်ကြောင့်မို့လို့ လူက ပိုပြီးတော့ ပွင့်လင်းသွားတာပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: HK
အရင်တုန်းက ခြူးလေးနဲ့ အခု ခြူးလေး မတူတော့တဲ့အကြောင်းကိုလည်း ပြောပြလာပါသေးတယ်။ ပရိသတ်တွေကိုလည်း မာနကြီးတယ်လို့ မထင်ရအောင် သူမကိုယ်တိုင် ပြောင်းလဲ လာတဲ့အပိုင်းတွေ အများကြီးပါတဲ့။
‘’အရင်တုန်းက လူကြောက်တတ်တယ်၊ အားငယ်တတ်တယ်၊ သိမ်ငယ်တတ်တယ်။ အဲဒီစိတ်နဲ့ပဲ နေရင်းနဲ့ ချေသလိုလို၊ မာနကြီးသလိုလိုဆိုပြီးတော့ လူတွေပြောတာ ခံရဖူးတယ်။ အဲဒီအတွက် ကိုယ်က ချေတဲ့လူတစ်ယောက် မဟုတ်ဘူးဆိုုတာကို ကိုယ့်ကိုယ်ကိုယ် ကင်မရာထောင်ပြီး Til Tok လေးတွေ ရိုက်ပြရတဲ့အထိ ရောက်သွားတာပေါ့နော်။ အဲဒါမှပဲ နားလည်လာကြပါတယ်’’ လို့ ပြဿနာ ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: HK
သူမရဲ့ ပြောင်းလဲလာမှုတွေက အချစ်ရေးနဲ့ မဆိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ အနုပညာသမားတစ်ယောက်ဖြစ်လို့ ပြောင်းလဲသင့်တာ ပြောင်းလဲလိုက်တာပါလို့ သူကဆိုပါတယ်။
‘’အချစ်ရေးကြောင့်ရယ်လို့တော့ အရမ်းကြီးမဆိုင်ပါဘူး။ အဓိကက ကိုယ့်ကို စိုးရိမ်နေတဲ့ ချစ်ရတဲ့ We Love တွေက အရင်တုန်းကနဲ့မတူဘူး။ နည်းနည်းလေး စာတင်လိုက်ပြီဆိုရင်တော့ သိပ်မကြိုက်ချင်ကြဘူး ဖြစ်နေပြီပေါ့နော်။ အနုပညာအလုပ်လုပ်နေတဲ့လူတစ်ယောက်က တစ်သတ်မတ်တည်းသွားလို့ မရဘူးပေါ့နော်။ ပြောင်းလဲသင့်သလောက် ပြောင်းလဲရမယ် ဆိုတဲ့ စိတ်နဲ့ပဲ ပြောင်းလဲလိုက်တာပါ’’ လို့ ပြောပါတယ်။
Photo: HK
ခြူးလေး(Chue Lay) ဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။အခုနောက်ပိုင်းဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပါပြီ။
Share