အောန်ဆိုင်းသဘောကျတဲ့ ယောကျ်ားလေး ပုံစံတွေကို ပြောပြလာပါတယ်။ သူမက အချစ်ရေးနဲ့ ပတ်သက်လာရင် အရှုပ်အရှင်း ကင်းသူ ဖြစ်လို့ အချစ်ရေး ကံကောင်းတာလား၊ ကံဆိုးတာလား ဆိုတာတွေကို အခုလိုပြောပြလာပါတယ်။
နာမည်ကျော် မော်ဒယ်လ်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အောန်ဆိုင်းဟာ ဒီနေ့ အချိန်ထိ ပရိသတ်အချစ်ကို ခိုင်ခိုင်မာမာရရှိ ထားတာ ဖြစ်ပါတယ်။ သူမကိုယ်တိုင်ဟာ ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် အမျိုးသားတွေရဲ့ စိတ်ဝင်စားခြင်းလည်း ခံရသူပါ၊ အောန်ဆိုင်းဟာ သူရွေးချယ်မယ့် အမျိုးသားတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။
'' ကျွန်မက တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါမှာ Respect ရှိတဲ့အမျိုးသားကို သဘောကျတယ်။ ပြောချင်တာက ကိုယ့် တစ်ယောက် တည်း ကို Respect ရှိတာမဟုတ်ဘူး၊ ကိုယ့်တစ်ယောက်တည်းကို တန်ဖိုးထားတာမဟုတ်ဘူး။ တခြားလူတွေအပေါ်မှာလည်း Respect ထားပြီး ဆက်ဆံတတ်တဲ့သူ အတွေးအခေါ်ကောင်းတဲ့လူ စာရိတ္တကောင်းတဲ့လူမျိုးကို သဘောကျတယ်'' လို့ဆိုပါတယ်။
Photo: အောန်ဆိုင်းဖေ့စ်ဘွတ်
အောန်ဆိုင်းဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် အရှုပ်အရှင်းကင်းသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူဟာ တစ်ယောက်တည်း ခရီးတွေ ထွက်နေရရင် ပျော်နေတတ်သူပါ။ ဒါကြောင့်လည်း အချစ်ရေးကို ဦးစားမပေးတဲ့သူ တစ်ယောက်ပါ ဆိုပြီးတော့လည်း စက်တင်ဘာလ ၂၃ ရက်နေ့က Dynasty ဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။
'' အောန်ဆိုင်းက အချစ်ကို ဦးစားပေးတဲ့လူထဲမှာ လုံးဝမပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်မိတဲ့အချိန်၊ ပတ်ဝန်း ကျင် နဲ့သေချာ နှိုင်းယှဉ်ကြည့်လိုက်တဲ့အချိန်မှာ ကိုယ်ဟာ တော်တော်လေးကို အချစ်ကို ဦးစားမပေးတဲ့အထဲမှာပါတယ်ပေါ့နော်'' လို့ သူကဆိုပါတယ်။
New York ဖက်ရှင်ပွဲကို တက်ရောက်မယ့် အောန်ဆိုင်းနဲ့ နန်းခေးမား
Photo: အောန်ဆိုင်းဖေ့စ်ဘွတ်
အမျိုးသားပရိသတ်အများစုရဲ့စိတ်ဝင်စားခြင်းခံရတဲ့ အောန်ဆိုင်းဟာ အချစ်ရေးမှာ ကံကောင်းသူလား၊ ကံဆိုးသူလား ဆိုတာကို အခုလို ဖြေဆို ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ဒီအချစ်ရေးနဲ့ ပတ်သက်လို့ မဝေခွဲ မသုံးသပ်တတ်ဘူးလို့ ပြောပါတယ်။
'' အချစ်ရေးမှာ ကံကောင်းတယ်၊ ကံဆိုးတယ်ဆိုတာကို ဘယ်တော့မှ မဝေခွဲဘူး။ အခုချိန် ကံဆိုးတယ်ဆိုပေမယ့် နောက် ၃ နှစ်၊ ၄ နှစ်လောက်မှာ ကံဆိုးတာကနေ ကံကောင်းဖို့အတွက် ဖြစ်လာတယ်ပေါ့။ အခုချိန်မှာ ဘယ်အရာမဆိုပြောဖို့က အရမ်းစောနေသေးတယ်။ ဘာကြောင့်လဲဆိုတော့ အဆုံးသတ်က မဟုတ်သေးလို့ပေါ့နော်'' လို့ဆိုပါတယ်။
Photo: အောန်ဆိုင်းဖေ့စ်ဘွတ်
Professional Model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အောန်ဆိုင်းကတော့ လက်တလောမှာ မဂ္ဂဇင်းကာဗာတွေ၊ ကြော်ငြာတွေ ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း မကြာခဏ ပါဝင်သရုပ်ဆောင်နေပြီလိ့ုလည်း သိရပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့သာ ရပ်တည်သွားမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။