ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးပါပဲ။

ချမ်းချမ်းကတော့ သူမကို တန်ဖိုးထားပြီး ချစ်ပေးတဲ့ ချစ်သူနဲ့ အချစ်ရေးမှာ စိတ်ချမ်းသာမှုရှိနေပါတယ်တဲ့။  ကိုယ့်အကြောင်းကို ကိုယ်သာအသိဆုံးဖြစ်လို့ ဝေဖန်တိုက်ခိုက်လာတဲ့အရာတွေကိုလည်း ဂရုမစိုက်တတ်တော့ဘူးလို့ဆိုပါတယ်။

Photo: Than Naing



အဆိုတော်ချမ်းချမ်းက လက်ရှိမှာ အရမ်းကို သာယာတဲ့ အချစ်ရေးလေးတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ ချစ်သူကတော့ နိုင်ငံခြားသားဖြစ်တဲ့အတွက် ဝေဖန်ပြောဆိုကြတဲ့သူတွေလည်းရှိပါတယ်။ ဒီအပေါ်မှာတော့ ချမ်းချမ်းက ရှက်စရာမဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’အစ်မကလေ ဂရုမစိုက်တတ်ဘူး။ ဖောက်ပြန်နေတာလည်း မဟုတ်ဘူး။ စိတ်လည်းလုံတယ်။ ဖောက်ပြန်နေတာဆိုရင် ဒါတွေချပြနေစရာအကြောင်းမရှိဘူးလေ။ အစ်မဘာသာ တိတ်တိတ်လေးတွဲနေမှာပေါ့။ အစ်မတွဲတဲ့လူတစ်ယောက်က ဂုဏ်သိက္ခာရှိတယ်၊ သာမာန် ပရွတ်ရွှတ်တသမားလည်း မဟုတ်ဘူး။ ဂုဏ်မရှိတဲ့အတန်းကလာတာလည်းမဟုတ်ဘူး။ သူလည်း သူ့နေရာတစ်ခုနဲ့ အစ်မကိုလာပြီးတော့ ပတ်သက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကို ရှက်စရာလို့ မမြင်ဘူး’’ လိ့ု သူကဆိုပါတယ်။

Photo: Chan Chan

သူမရဲ့ Personal အကြောင်းအရာတွေကို ဝေဖန်လာမှုတွေကိုလည်း ဂရုစိုက်တတ်သူ မဟုတ်ဘူးလို့ဆိုပါတယ်။ ကိုယ့်ရဲ့ မိသားစုအကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အကြောင်းကို ဘယ်သူမှ သေသေချာချာမသိပဲ ဝေဖန်တဲ့အပေါ်မှာတော့ လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူးလို့ပြောပါတယ်။

‘’ ဒါက Relationship တစ်ခု တည်ထောင်တာလေ၊ သွား နင့်ကိုတော့ ငါချစ်ပါရဲ့ လူရှေ့ကျရင်တော့ နင်ဖယ်နေနော်လို့ပြောရအောင် စပွန်ဆာခံနေတဲ့ မိန်းမလည်းမဟုတ်ဘူး။ အစ်မက ဒဲ့သမား၊ အစ်မကို ဒဲ့ပြောလွန်းလို့ မုန်းတဲ့လူလည်းရှိတယ်။ ဒါကြောင့် အစ်မက မရှုပ်ခင်အရင်ရှင်းထားလိုက်တာ ဆိုတော့ ကိုယ်လည်းနေသာတယ်၊ သူလည်း နေလို့ကောင်းတယ်။ ပြောတဲ့လူကတော့ ပြောတဲ့လူရဲ့ပါးစပ်နဲ့ သူ့အကုသိုလ်နဲ့သူ သွားမှာပဲ။ အစ်မအကြောင်းကို အစ်မလောက် ဘယ်သူမှ ပိုမသိပါဘူး။ အဲဒီအတွက် အစ်မဘဝကို အကောင်းဆုံးဖြတ်သန်းတယ်။ I Don’t Care. လို့ပဲ ပြောရမှာပေါ့နော်။ မကောင်းတာလုပ်တဲ့လူ မဟုတ်တဲ့အတွက်ကြောင့် အစ်မကို တိုက်ခိုက်တာတွေကို လုံးဝ ဂရုမစိုက်ဘူး’’ ဆိုပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့က Monster Cheese ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။

Photo: Chan Chan

လက်ရှိချစ်သူ ကလည်း ချမ်းချမ်း နဲ့ အတူ သမီးလေးကိုလည်း ပျော်ရွှင်အောင်ထားပေးတဲ့ လူတစ်ယောက်ပါလို့ဆိုပါတယ်။ သူမအပေါ်မှာလည်း အရမ်းချစ်ပြီး တန်ဖိုးထားတတ်တဲ့ လူတစ်ယောက်ပါတဲ့။

‘’ အစ်မကို ချစ်နေသရွေ့ အစ်မပျော်နေသရွေ့ အစ်မက လက်ခံနေမှာပဲ။ အိမ်ထောင်မပြုဖူးတဲ့လူလည်းမဟုတ်ဘူး၊ ယောကျ်ားမယူဖူးတဲ့လူလည်းမဟုတ်ဘူး။ ယောကျ်ားအကြောင်းမသိတဲ့လူလည်းမဟုတ်ဘူး။ အစ်မ အရင်ယောကျ်ားနဲ့ ၁၁ နှစ်အကြာပတ်သက်လာခဲ့တာ။ ယောကျ်ားတစ်ယောက်အကြောင်းကို ခေါင်းအစခြေအဆုံးမသိတာမရှိဘူး။ ယောကျ်ားယူဖို့က အဓိက မဟုတ်ဘူး။ အစ်မကို တကယ်ချစ်ပြီး တန်ဖိုးထားတဲ့လူတစ်ယောက်ကို ဘာကြောင့်လက်မခံရဲရမှာလဲ။ အစ်မမှာလည်း အဲဒီတန်ဖိုးတော့ရှိတယ်။ အစ်မ သူများကိုမထိခိုက်သရွေ့၊ သူများကို မတိုက်ခိုက်သရွေ့၊ သူများမိသားစုကို မဖြိုခွဲသရွေ့ အစ်မသည် မိန်းမကောင်းပဲ။ မိန်းမမြတ်လို့လည်း မခံယူချင်ပါဘူး။ ဒါပေမယ့် အစ်မသည် မိန်းမကောင်းတော့ ဖြစ်ချင်တယ်’’ လို့ သူကဆိုပါတယ်။

ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက် ‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က