ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေတည်ငြိမ်တာနဲ့တစ်ပြိုင်နက် ဘာစီလိုနာက မာတီနက်ဇ်အတွက် အားကုန်သုံးကြိုးပမ်းသွားမှာဖြစ်ပြီး လာမယ့်ရာသီမှာ အသင်းအတွက်ကစားနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
အင်တာမီလန်အသင်းတိုက်စစ်မှူးမာတီနက်ဇ်ဟာ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ရွေးချယ်ထားပြီးဖြစ်တယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ နေမာကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ပြောင်းရွှေ့ကြေးမြင့်မားနေမှုကြောင့် ပီအက်စ်ဂျီနဲ့ ဆွေးနွေးရာမှာ အခက်အခဲတွေဖြစ်နေတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် မာတီနက်ဇ်ကိုလည်း စျေးပေါပေါနဲ့ရရှိမှာမဟုတ်ဘဲ မြင့်မားတဲ့ပမာဏကို ဘာစီလိုနာက ပေးချေရဖွယ်ရှိနေပါတယ်။ ဘာစီလိုနာအတွက်လည်း မာတီနက်ဇ်က ဦးစားပေးပစ်မှတ်အဖြစ်ရှိနေပြီး ဆွာရက်ဇ်နေရာမှာ ရေရှည်အစားထိုးဖို့ ရည်မှန်းထားတာကြောင့် မရရအောင်ခေါ်ယူသွားဖို့ကို ကြိုးစားအားထုတ်သွားမှာဖြစ်ပါတယ်။
ဆွာရက်ဇ်ကတော့ အသက် ၃၃နှစ်ပြည့်သွားခဲ့ပြီဖြစ်လိို့ ဘာစီလိုနာအတွက် သွေးသစ်တိုက်စစ်မှူးတစ်ဦးက လိုအပ်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကလည်း အင်တာမီလန်အသင်းပိုင်ရှင်က ကစားသမားကသာ ဆန္ဒရှိမယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပေးမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေတည်ငြိမ်တာနဲ့တစ်ပြိုင်နက် ဘာစီလိုနာက မာတီနက်ဇ်အတွက် အားကုန်သုံးကြိုးပမ်းသွားမှာဖြစ်ပြီး လာမယ့်ရာသီမှာ အသင်းအတွက်ကစားနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ ဒီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ဗီဒယ်၊ ဆယ်မီဒို၊ အယ်လ်လီနာ၊ အာသာ တို့လိုကစားသမားတွေကိုလည်း ဘာစီလိုနာက ထည့်သွင်းအသုံးပြုဖွယ်ရှိနေပါတယ်။