ဒီလစ်အနေနဲ့ ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့မှုမှာ ဂျူဗီကိုရွေးချယ်ပြီး ဒီနှစ်ဘောလုံးရာသီအစမှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့နောက်ခံလူဒီလစ်ဟာ ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့အတွက် ပြန်လည်စဉ်းစားမှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ စပိန်သတင်းစာ AS ကလည်း ဒီသတင်းကို ဖော်ပြခဲ့ပြီး ဒီလစ်အနေနဲ့ ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့မှုမှာ ဂျူဗီကိုရွေးချယ်ပြီး ဒီနှစ်ဘောလုံးရာသီအစမှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒီလစ်အနေနဲ့ တူရင်မှာအခြေမကျဖြစ်နေခဲ့ပြီး ဘိုနူချီနဲ့ ချီလီနီတို့လို အီတလီဝါရင့်ခံစစ်မှူးတွေရဲ့ နောက်မှာသာ ဦးစားပေးခံနေခဲ့ရပါတယ်။ ချီလီနီဒဏ်ရာကြောင့် အနားယူရချိန်မှာလည်း နည်းပြဆာရီက အခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ ရူဂါနီကို ပွဲထွက်ခွင့်ပေးခဲ့လို့ ဒီလစ်အတွက် ပုံမှန်ကစားခွင့်ပျောက်ဆုံးနေခဲ့ရပါတယ်။
AS က ဖော်ပြခဲ့ရာမှာ ဂျူဗီက ဘာစီလိုနာကွင်းလယ်လူရာကီတစ်ကို အလိုရှိနေတာကြောင့် ကလပ်အသင်းနှစ်သင်းကြား ကစားသမားအလဲအထပ်ပြုလုပ်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ ဂျူဗီအနေနဲ့ အခြားကွင်းလယ်လူ အာသာကိုလည်း စိတ်ဝင်စားနေတာကြောင့် တစ်ဦးဦးနဲ့ အလဲအထပ်ပြုလုပ်နိုင်ဖို့ရာ နီးစပ်တယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။
မက်ဆီကလည်း ပီကေးနေရာမှာ ရေရှည်အစားထိုးနိုင်သူအဖြစ် ဒီလစ်ကို ညွှန်းဆိုထားတယ်လို့ သိရပြီး နူးကမ့်မှာ ဒီလစ်ရဲ့ အသင်းဖော်ဟောင်းဒီဂျောင်လည်းရှိနေတာကြောင့် ကစားသမားကို စည်းရုံးမှုက အောင်မြင်ဖွယ်ရှိတယ်လို့ ယုံကြည်ရပါတယ်။ ဒီလစ်ရဲ့အေးဂျင့် ရွိုင်အိုလာကတော့ သူ့ကစားသမားဟာ အီတလီမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး သင်ယူမှုအများအပြားကို ပြုလုပ်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဒီလစ်က ဂျူဗီနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး အသင်းကထွက်ခွာဖို့ရာ ခက်ခဲမှုအနည်းငယ်တော့ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ရွိုင်အိုလာကသာ ကြားဝင်ဆောင်ရွက်ပေးခဲ့မယ်ဆိုရင်တော့ ဒီအပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့က လွယ်ကူသွားဖွယ်ရာရှိပြီး ကစားသမားရဲ့ဆန္ဒကအဓိကအကျဆုံးဖြစ်နေတယ်လို့လည်း AS က သုံးသပ်ထားပါတယ်။