ရာကီတစ်ကတော့ သူ့ရဲ့ အပြောင်းအရွှေ့သတင်းတွေကို ကောလဟာလတွေလို့ ပြောဆိုခဲ့ပြီး အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိတယ်လို့ ပြီးခဲ့တဲ့ လအတွင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကလပ်အသင်းအများအပြားက စိတ်ဝင်စားမှု ခံနေရတဲ့ ဘာစီလိုနာကွင်းလယ်လူ အိုင်ဗန်ရာကီတစ်ကို ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ အသက် (၃၀)အရွယ် ခရိုအေးရှားကွင်းလယ်ဖန်တီးရှင်ဟာ စပိန်ချန်ပီယံအသင်းမှာ ပျော်ရွှင်နေပေမယ့် ဘာစီလိုနာက ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းက ရာကီတစ်ကို ပြန်လည်ရောင်းချပြီး ငွေကြေးပြန်လည်ရှာဖွေဖို့ စီစဉ်နေပြီး ရာကီတစ်အတွက် ယူရို (၃၅)သန်းခန့် ရရှိမယ်လို့ မျှော်လင့်နေပါတယ်။ ရာကီတစ်ကို စီးရီးအေကလပ် အင်တာမီလန်အသင်းကလည်း လေးလေးနက်နက် စိတ်ဝင်စားမှု ရှိနေပြီး လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ ရာကီတစ်တို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၁ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာဘက်က ရာကီတစ်ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆန္ဒမရှိဘူးလို့ စပိန်သတင်းဌာနများရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Daily Mail က ရေးသားခဲ့ပါတယ်။ ရာကီတစ်ကတော့ သူ့ရဲ့ အပြောင်းအရွှေ့သတင်းတွေကို ကောလဟာလတွေလို့ ပြောဆိုခဲ့ပြီး အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိတယ်လို့ ပြီးခဲ့တဲ့ လအတွင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အီတလီသတင်းဌာန La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ ရာကီတစ်အတွက် ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းမှုတွေ ပြုလုပ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။ အင်တာမီလန်အသင်းရဲ့ အမှုဆောင်ချုပ် ဂူဆက်ပီမာရော့တာ နဲ့ အသင်းရဲ့ဒါရိုက်တာ ပီယာရိုအော်ဆီလီယိုတို့က ဘာစီလိုနာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပြီး ပေါင် ၃၄သန်းအထိ ပေးချေသွားမယ်လို့ သိရပါတယ်။
လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကို အေဂျက်ဇ်ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင် ရောက်ရှိလာတော့မှာ ဖြစ်ပြီး ဇန်နဝါရီလအတွင်းမှာ ဘာစီလိုနာက ပေါင် (၆၅)သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် နူးကမ့်မှာ ပုံမှန်နေရာရရှိဖိ့ု အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိလာခဲ့တဲ့ ရာကီတစ်အတွက် ဘာစီလိုနာအနာဂတ်က မတည်မငြိမ်ဖြစ်လာခဲ့ပြီး ယူနိုက်တက်လည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။