နောက်ထပ်ရုံးချိန်းမှာ ဆရာမနှင်းနုကို ဆက်စစ်မှာပါ။

ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရမှုနဲ့ ပတ်သက်ပြီး အခင်းဖြစ်ပွားတဲ့နေ့မှာ သားနှစ်ယောက်က ကျောင်းမှာ မရှိနေဘူးလို့ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဒီကနေ့ဒီဇင်ဘာ (၄) ရက် က တရားရုံးမှာ ထွက်ဆိုသွားခဲ့ပါတယ်။

Photo- အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်နှင့် ဦးခင်မောင်ဇော်

အခင်းဖြစ်ပွားစဉ်နေ့က သားအကြီးဖြစ်သူက ကျောင်းကို တစ်နေ့လုံးမလာခဲ့ကြောင်း၊ သားအငယ်မှာလည်း မနက်ပိုင်းသာ မိခင်ဖြစ်သူ (ဒေါ်ဥမ္မာလှိုင်)နဲ့ အတူတူ လိုက်လာခဲ့ပြီးနောက် ၎င်းရဲ့ ကျောင်းကို သွားခဲ့ကြောင်း ထွက်ဆိုခဲ့တာပါ။

“ အကြီးက စာမေးပွဲ နီးနေပြီမို့ ကျောင်းကို မလာဘူး။ အိမ်မှာပဲ စာကျက်နေတာပေါ့ဗျာ။ အငယ်ကတော့ အဲဒီနေ့က မနက်အစောပဲ အမေနဲ့ အတူတူလာပြီး သူ့ကျောင်းကို ဆက်သွားတာပေါ့။ အဲဒီလို ထွက်ဆိုခဲ့ပါတယ်” လို့ အောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်က တရားရုံးမှာ ဒေါ်ဥမ္မာလှိုင်ထွက်ဆိုသွားခဲ့တဲ့ အခြေအနေကို Duwun ကို ပြောပြခဲ့ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ ဒေါ်ဥမ္မာလှိုင်အပါအဝင် မူကြိုကျောင်းက ဆရာမနှစ်ဦးကို သက်သေအဖြစ် စစ်မေးရာ အောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကနေ အောင်ကြီးက အခန်းထဲဝင်ပြီး မသမာမှု ကျုးလွန်တဲ့ အနေအထားလုံးဝမရှိဘူးဆိုတာဟုတ်သလားလို့ ယတိပြတ်မေးမြန်းခဲ့ရာ ဟုတ်ပါတယ် လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

“ ဒေါ်ဥမ္မာလှိုင်က အခင်းဖြစ်ပွားတဲ့နေ့က အောင်ကြီးဟာ ကလေးတွေရှိတဲ့အခန်းဘက်ကို မဝင်ခဲ့ကြောင်း၊ အပြင်ဘက်က ဆိုဖာပေါ်မှာပဲ ထိုင်နေခဲ့ကြောင်း ထွက်ဆိုသွားပါတယ်။” လို့ ရှေ့နေဦးခင်မောင်ဇော်က Duwun ကို ပြောပါတယ်။

လာမယ့် ၁၇ ရက်နေ့ မှာ Wisdom မူကြိုကျောင်းက ပျက်သွားတဲ့ CCTV ဖိုင်ကို ပြန်လည်ရရှိဖို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဗစ်တိုးရီးယားရဲ့ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်တို့က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။

ဗစ်တိုးရီးယားအမှုအတွက် (၁၃) ကြိမ်မြောက်ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၁၈ ရက်ကို ချိန်းဆိုထားပြီး ဆရာမနှင်းနုကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ ရုံးချိန်းမှာ အောင်ကြီးကို အပြီးသတ်လွှတ်ပေးဖို့အတွက် တရားရုံးမှာ လျှောက်လွှာတင်သွင်းသွားဖို့ အောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က