နိုင်ငံတွင်း Covid 19 positive လူနာအဖြစ် အတည်ပြုခဲ့တဲ့ အင်းစိန်က လူနာနဲ့ လေယာဉ်အတူစီးလာသူ အမျိုးသားတစ်ဦးဟာ သူကိုယ်တိုင်တိုင် မတ်လ(၂၅)ရက်နေ့က တောင်ဥက္ကလာပမြို့နယ်အမျိုးသမီးနှင့် ကလေးဆေးရုံကို လာရောက်အစစ်ဆေးခံခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအမျိုးသားကို ဆေးရုံက ကျန်းမာရေးစစ်ဆေးမှုတွေဆောင်ရွက်ပေးလိုက်ပြီး ရောဂါလက္ခဏာမတွေ့ရှိရသလို ဖျားနာခြင်းလည်းမရှိတဲ့အတွက် နေအိမ်မှာပဲ မိသားစုနဲ့အတူ (၁၄)ရက် အသွားအလာကန့်သတ်ဖို့ ညွှန်ကြားလိုက်တယ်လို့ တောင်ဥက္ကလာပမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမိုးမြင့်က Duwun ကိုပြောပါတယ်။
“ အဲဒီအမျိုးသားက သူ့မှာ ရောဂါလက္ခဏာတွေခံစားနေရလို့ လာပြတာမဟုတ်ဘူး။ ဖုန်းသုံးရင်းနဲ့ လိုင်းပေါ်မှာ သူနဲ့လေယာဉ်တစ်စီးတည်းစီးလာတဲ့သူမှာ Positive ဖြစ်နေတယ်ဆိုလို့ သူလည်းလာရောက်အစစ်ဆေးခံတဲ့သဘောပါ။ အခုတော့ အိမ်မှာပဲ အသွားအလာကန့်သတ်ထားတယ်။ (၁၄)ရက်အတွင်း သူနဲ့ သူ့မိသားစုကျန်းမာရေးအခြေအနေတွေကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ကျန်းမာရေးဌာနတို့က နေ့စဉ် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သွားရောက်ပြီး စစ်ဆေးမှုတွေလုပ်ပေးမယ်။ ကြားထဲအချိန်ကာလတွေမှာလည်း ဖုန်းနဲ့ အဆက်အသွယ်မပြတ်အောင်လုပ်သွားမယ်" လို့ ဦးမိုးမြင့်ပြောပါတယ်။
အဆိုပါအမျိုးသားဟာ အသက်(၃၈)နှစ်အရွယ် ကိုအောင်ကျော်မင်းဆိုသူဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ် (၁၃)ရပ်ကွက်မှာနေထိုင်သူလို့ သိရပါတယ်။
အဆိုပါအမျိုးသားကို ကျန်းမာရေးစစ်ဆေးဖို့အတွက် လာခေါ်တာကို ငြင်းဆန်လို့ ရဲတပ်ဖွဲ့နဲ့ ခေါ်ဆောင်ရတယ်ဆိုတဲ့ သတင်းတွေလည်းမနေ့က လူမှုကွန်ရက်မှာလည်း ပြန့်နှံ့ခဲ့ပါတယ်။အခုလိုပြန့်နေတဲ့ သတင်းတွေလိုမဟုတ်ဘဲ အဆိုပါအမျိုးသားဟာ သူကိုယ်တိုင်ကျန်းမာရေးစစ်ဆေးခံဖို့ လာရောက်ခဲ့တာဖြစ်တယ်လို့ ဦးမိုးမြင့်ရဲ့ပြောပြချက်အရသိရပါတယ်။
တတိယမြောက်လူနာအဖြစ်တွေ့ရှိခဲ့တဲ့ အင်းစိန်က လူနာဟာ မတ်လ(၂၁)ရက်နေ့က ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေယာဉ် UB 701 နဲ့လိုက်ပါလာခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါလေယာဉ်မှာ လိုက်ပါလာသူတွေအနေနဲ့ နီးစပ်ရာကျန်းမာရေးဦးစီးဌာနကိုအကြောင်းကြားဖို့နဲ့ နေအိမ်တွေမှာသာနေထိုင်ကြဖို့ကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးပြောကြားထားပါတယ်။