ဝန်ကြီးဌာနအနေနဲ့ COVID-19 ရောဂါလူနာတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံခဲ့သူ အားလုံးကို အမြန်ဆုံး ရှာဖွေနေပါတယ်။

အင်းစိန်မြို့နယ်က ရောဂါပိုးတွေ့ရှိတဲ့လူနာဟာ မတ်လ ၂၁ ရက်နေ့က ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်ကနေ ရန်ကုန်လေဆိပ်ကို UB 701၊ ခုံတန်းအမှတ် ၃ မှာ လိုက်ပါစီးနင်းခဲတာကြောင့် ခုံတန်းအမှတ် (၁၊၂၊၃၊၄၊၅၊၆) တို့ကနေ လိုက်ပါစီးနင်းခဲ့တဲ့ ခရီးသည်တွေ နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံး အကြောင်းကြားပေးဖို့ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ခရီးသည်တွေအနေနဲ့ မိမိတို့ရဲ့ နေအိမ်မှာ နေထိုင်ကြဖို့ကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၅ ရက် ည ၈ နာရီထုတ်ပြန်ချက်မှာ တိုက်တွန်းရေးသားထားပါတယ်။

လက်ရှိမှာ အင်းစိန်မြို့နယ်က ပိုးတွေ့လူနာဖြစ်တဲ့အသက် ၂၆ နှစ်အရွယ် အမျိုးသားအပါအဝင် သူနဲ့ ထိတွေ့ခဲ့သူ မိသားစုင် (၂) ဦးကိုတော့ ဝေဘာဂီဆေးရုံမှာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုနေပြီး ကျန်ထိတွေ့ခဲ့တဲ့ မိသားစုဝင် (၉) ဦးကိုလည်း နေအိမ်မှာ အသွားအလာကန့်သတ်ခြင်းကို တင်းကြပ်စွာ ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ COVID-19 ရောဂါလူနာတွေနဲ့အနီးကပ် ထိတွေ့ဆက်ဆံခဲ့သူ အားလုံးကို အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး အသွားအလာကန့်သတ်တာတွေ ပြုလုပ်နေပြီးCOVID-19 ရောဂါဖြစ်ပွားတဲ့ဒေသ၊နိုင်ငံတွေကပြန်လာတဲ့သူတွေအနေနဲ့ အိမ်မှာ အသွားအလာကန့်သတ်နေထိုင်နေစဉ် လိုက်နာရမယ့်အချက်တွေကိုလည်းကောင်း၊ မိသားစုဝင်တွေလည်း လိုက်နာရမယ့် တိုက်တွန်းနှိုးဆော်ချက်တွေကို တိတိကျကျလိုက်နာကြဖို့ကိုလည်း အထူးအလေးထားတိုက်တွန်းထားပါတယ်။

လက်ရှိမှာ မတ်လ ၂၄ ရက်နဲ့ မတ်လ ၂၅ ရက် (၂) ရက်အတွင်း စောင့်ကြည့်လူနာအသစ် (၃၈) ဦးတိုးလာခဲ့ပြီး မတ်လ (၂၅) ရက် ည ၈ နာရီအချိန်ထိတော့ စောင့်ကြည့်လူနာ (၅၉) ဦးကို သက်ဆိုင်ရာဆေးရုံမှာ ကုသနေပြီး ဓာတ်ခွဲအဖြေတွေ ရရှိပါကလည်း ထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။

မတ်လ ၂၅ ရက် အထိတော့ မြန်မာတစ်နိုင်ငံလုံးမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ (၃) ဦးအပါအဝင် သံသယနဲ့ စောင့်ကြည့်လူနာ စုစုပေါင်း (၂၇၅) ဦးရှိတယ်လို့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ဒါ့အပြင် တိုင်းနဲ့ပြည်နယ်အသီးသီးက ဆေးရုံ၊ဟိုတယ်၊အဆောက်အဦးတွေမှာ အသွားအလာတားမြစ်ကန့်သတ်ထားသူ စုစုပေါင်း (၅၀၄) ဦးရှိနေပြီလို့လည်းသိရပါတယ်။

Share

Loading Next Article...
က္က