အင်းစိန်တစ်မြို့နယ်ထဲမှာပဲ ပိုးတွေ့လူနာ ၄၃ဦးထိ အများဆုံးတွေ့ရှိထားပါတယ်။
အင်းစိန်မြို့နယ်ကို Lock Down လုပ်ဖို့ အစိုးရက ညွှန်ကြားလာခြင်း မရှိသေးဘူးလို့ အင်းစိန်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwunကိုပြောပါတယ်။ အင်းစိန်မြို့နယ်မှာ လက်ရှိ မေလ ၉ ရက်နေ့အထိပိုးတွေ့လူနာ စုစုပေါင်း ၄၃ဦးထိရှိနေခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရောဂါပိုးတွေ့ရှိတဲ့ အများဆုံးမြို့နယ်လည်း ဖြစ်ပါတယ်။
“လက်ရှိအချိန်ထိတော့ အစိုးရဖက်က Lock Down လုပ်ဖို့ ညွှန်ကြားလာခြင်းတော့မရှိသေးပါဘူး။COVID-19 ကာလမှာ အစိုးရအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ပဲ လုပ်ဆောင်ရမှာပါ။ လက်ရှိအချိန်ထိတော့ ဘာမှမပြောလာသေးပါဘူး။ညွှန်ကြားချက်အပေါ်မှာပဲ လိုက်နာ လုပ်ဆောင်ရမှာပါ။”လို့ ဦးဝေဖြိုးဟန်က ပြောပါ တယ်။
အင်းစိန်မြို့နယ်မှာ ကူးစက်ခံရသူတွေထဲမှာ အဓိက ကွင်းဆက်နှစ်ခုကတော့ တရားဟောဆရာ စောဒေးဗစ်လားရဲ့ ဘာသာရေးပွဲကနေတဆင့် ကူးစက်ခံရသူတွေနဲ့ ကွယ်ကဘောဆေးရုံက သူနာပြုဆရာမတွေကတဆင့် ကူးစက်ခံရမှုက အများဆုံး ဖြစ်နေပါတယ်။
လက်ရှိ အင်းစိန်မြို့နယ်ရဲ့ ပိုးတွေ့လူနာတွေ့ရှိနေမှု အခြေအနေအပေါ်ကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနက ပါမောက္ခ ဒေါက်တာ မော်မော်ဦးက အခုလိုပဲ သုံးသပ်ပြောထားပါ သေးတယ်။
“အမှန်က မြို့နယ်ကို lock down အရင်လုပ်ပြီးမှ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ရမှာ။ ခုက သူတို့ကျန်းမာရေး စစ်ဆေးထားတဲ့ လူငါးသောင်းကျော်ကလည်း စစ်ဆေးပြီးနောက်နေ့ သွားလာလှုပ်ရှားနေတော့ ဘာမှမထူးဘူး။ ၅သောင်းမပြောနဲ့ ၅သိန်းစစ်လည်း မထူးဘူး။ စစ်ဆေးခံထားရတဲ့သူတွေကလည်း သွားလာလှုပ်ရှားနေတော့ သူ့တို့ကို သူတို့ကူးစက်ခံရမှန်းတောင်သိမှာမဟုတ်ဘူး ။ အဲဒီတော့ အင်းစိန်မြို့နယ်မှာလုပ်ဆောင်နေတဲ့ ကျန်းမာရေးစနစ်ကို ပြန်လည်စဉ်းစားသင့်တယ်”လို့ ပါမောက္ခဒေါက်တာမော်မော်ဦးကပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ COVID-19ဓာတ်ခွဲ အတည်ပြုလူနာ ၁၇၇ဦးရှိရာမှာ ၆၇ဦး ရောဂါပိုးပြန်လည်ကင်းစင်လာပြီး ၄၃ဦးဆေးရုံက ဆင်းခွင့်ရသွားကာ ၆ဦးကတော့ သေဆုံးခဲ့ပါပြီ။