အင်းစိန်မြို့နယ်မှာ Covid 19 positive လူနာ (၈)ဦးအထိတွေ့ရှိထားပေမယ့်လည်း မြို့နယ်တစ်ခုလုံးကို Lock Down လုပ်သွားဖို့မရှိသေးဘဲ ပိုးတွေ့လူနာတွေနေထိုင်ခဲ့တဲ့ ရပ်ကွက်နေအိမ်တွေကိုသာ Lock Down လုပ်ထားတယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာ (၈)ဦးမှာ (၄)ဦးက ဘာသာရေးအခမ်းအနားတစ်ခုကို အတူတက်ရောက်ခဲ့တာကြောင့် အဆိုပါအခမ်းအနားတက်ရောက်ခဲ့တဲ့သူတွေကိုလည်း စုံစမ်းမှုတွေလုပ်ပြီး အင်းစိန်ဆေးရုံကြီးမှာ ဆေးစစ်ဆေးမှုတွေလုပ်နေတယ်လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။
“ ကျွန်တော်တို့မြို့နယ်မှာ ပိုးတွေ့လူနာတွေများတာတော့ဟုတ်ပါတယ်။ ဒါမယ့် မြို့နယ်တစ်ခုလုံးကိုတော့ Lock Down လုပ်သွားဖို့မရှိဘူး။ ပြီးတော့ ကူးစက်တဲ့သူတွေထဲမှာ ဘာသာရေးပွဲတစ်ခုကို တက်ရောက်ထားတဲ့သူတွေပါနေတော့ အခု ဆက်စပ်မိသလောက် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သူ (၁၃)ယောက်ကိုလည်း အင်းစိန်ဆေးရုံကြီးမှာပဲ စစ်ဆေးမှုတွေလုပ်သွားမယ်” လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီးတော့ ပိုးတွေ့လူနာတွေနေထိုင်ခဲ့တဲ့ ရပ်ကွက်တွေကို ပိတ်ဆို့မှုတွေလုပ်ထားကာ ပိုးသတ်ဆေးဖြန်းတာတွေဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း Covid 19 Positive လူနာတွေမှာ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးတွေ့ရှိထားပြီး အင်းစိန်မြို့နယ်က (၈)ဦးထိပါဝင်နေတာပါ။ လက်ရှိမြန်မာနိုင်ငံက ပိုးတွေ့လူနာ (၄၁)ဦးမှာ သေဆုံးသူ (၄)ဦးရှိပြီး ပျောက်ကင်းသူ(၂)ဦးရှိနေပါတယ်။