အင်းစိန်မှာ ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့တဲ့ သံသယလူနာ (၁၆) ဦးအပြင် ဖျားနာလို့ ဆေးရုံတက်ခဲ့သူ (၁) ဦး စုစုပေါင်း ၁၇ ဦးရဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေမှာ Negative ဖြစ်တယ်လို့ အင်းစိန် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။
မေလ ၆ ရက်နေ့က အင်းစိန်မြို့နယ်မှာ ပိုးတွေ့လူနာအများဆုံးရှိတဲ့ ရပ်ကွက် လေးခုက လူ ငါးသောင်းနီးပါးကို ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ခဲ့ရာ (၃) ဦးကို အင်းစိန်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ၁၆ ဦးကိုတော့ ကွာရန်တင်းစင်တာကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
“ဆေးရုံတက်ရတဲ့ (၃) ယောက်မှာ (၂) ယောက်က သာမန်ဖျားနာအဆင့်ပဲရှိလို့ အိမ်ပြန်ခွင့်ရသွားပါပြီ။ ဒါကြောင့် ကွာရန်တင်းစင်တာကို ပို့လိုက်တဲ့သံသယလူနာ (၁၆) ဦးနဲ့ ဆေးရုံမှာ ကျန်တဲ့ (၁) ဦး စုစုပေါင်း (၁၇) ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ အားလုံး Negative ပါ” လို့ ဆိုပါတယ်။ အင်းစိန်မြို့နယ်ဟာ ရန်ကုန်မှာ ရောဂါပိုးတွေ့လူနာတွေ အများဆုံးရှိတဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတစ်ခုအနေနဲ့ ကျန်းမာရေးစစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီကျန်းမာရေးစစ်တမ်းကိုတော့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီးတော့ အင်းစိန်မြို့နယ်က ပိုးတွေ့လူနာအများဆုံးရှိတဲ့ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ရွာမအရှေ့ရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်တွေမှာ နေထိုင်သူတွေကို အပူချိန်တိုင်းစစ်ဆေးမှုတွေလုပ်ခဲ့တာပါ။ အဲဒီလိုစစ်တမ်းကောက်ယူရာမှာ ဖျားနာချောင်းဆိုးတာ၊ မောပန်းတာ၊အသက်ရှုရကြပ်တာ စတဲ့ COVID-19 လက္ခဏာ ရှိမရှိ စစ်ဆေးခဲ့ပြီး ရှိတဲ့သူတွေကို ချက်ချင်း အသွားအလာကန့်သတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
အင်းစိန်မြို့နယ်ဟာ မေလ ၁၀ ရက်နေ့အထိ ပိုးတွေ့လူနာ ၄၃ ဦးအထိရှိနေပြီး တစ်နိုင်ငံလုံးနဲ့ ယှဉ်ရင် ပိုးတွေ့လူနာအများဆုံးရှိတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မေလ ၁၀ ရက်နေ့မနက်အထိ ရောဂါဖြစ်ပွားသူ ၁၇၈ ဦး၊ ပြန်လည်ကောင်းမွန်သူ ၆၈ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေတယ်လို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။