ဒီကနေ့ စက်တင်ဘာလ( ၁၅)ရက်ကစတင်ပြီး ဒုတိယညွှန်ကြားရေးမှူးနဲ့အောက်နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နှစ်ပတ်ခြားပြီးဝန်ထမ်းအင်အားတစ်ဝက်စီသာရုံးတက်ရတော့မှာ ဖြစ်ပါတယ်။
ကိုဗစ်ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီကထုတ်ပြန်ညွှန်ကြားခဲ့တာဖြစ်ပြီး ဝန်ထမ်းအင်အားတစ်ဝက်ကရုံးတက်ကာ ကျန်တစ်ဝက်က နေအိမ်ကလုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်တာကို အလှည့်ကျလုပ်ဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ တွေရှိလာတာတဲ့ အတွက် ရုံးတက်စနစ်ကို အခုလိုပြောင်းလဲဆောင်ရွက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဝန်ထမ်းတွေ အနေနဲ့ နေအိမ်ကနေ တာဝန်ထမ်းဆောင်ရတဲ့အခါမှာ မိမိနေထိုင်ရာ နေရာအတွင်းမှာသာ နေထိုင်ကြပြီး ကျန်းမာရေးကိစ္စနဲ့ ဈေးဝယ်တာကလွဲပြီး အပြင်မထွက်ကြဖို့ကိုလည်း ညွှန်ကြားထားပါတယ်။ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိရင် နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့အညီ ဖောက်ဖျက်တဲ့ပြစ်မှုအပေါ်မူတည်ကာ ထိရောက်စွာအရေးယူသွားမှာလည်းဖြစ်ပါတယ်။ နေပြည်တော်က ပိုးတွေ့လူနာတွေထဲမှာ နိုင်ငံ့ဝန်ထမ်းတွေအများစု ပါဝင်ပြီး ညွန်ကြားရေးမှူးအဆင့်နဲ့ ဝန်ကြီး PSOတွေကအစ ပါဝင်နေပါတယ်။
နိုင်ငံတော်အကြီးအကဲတွေနေထိုင်ပြီး ဝန်ကြီးဌာနတွေရုံးစိုက်ရာဖြစ်တဲ့ နေပြည်တော်မှာ ကိုဗစ်နဲ့ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေပေမယ့်လည်း ပိုးတွေ့လူနာ (၃၀)ကျော်အထိတွေ့ရှိထားပါတယ်။ နေပြည်တော်က ပိုးတွေ့လူနာ (၃၀)ကျော်ထဲမှာ အစိုးရဝန်ထမ်းတွေအများစုပါဝင်ပြီး ဆရာဝန်(၂)ဦးလည်း ရောဂါပိုးကူးစက်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။