အစိုးရကနေ ဆန်၊ဆီ၊ဆားအပါအဝင် စားသောက်ကုန် (၅) မျိုးထောက်ပံ့မယ့်အစီအစဉ်မှာ အိမ်ထောင်စုပေါင်း ၆၈၀၂၂၇ စု ကောက်ခံရရှိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
မြို့နယ် ၊ရပ်ကွက် အလိုက်စာရင်းတွေကောက်တဲ့အခါ အချိန်နည်းတာတွေ၊ အမှန်တကယ်ထောက်ပံ့မှုရရှိသင့်တဲ့အိမ်ထောင်စုတွေကို စာရင်းရရှိဖို့၊ စာရင်းမမှားအောင် လုပ်ရတာကြောင့် မြေပြင်အခြေအနေမှာ ဝေဖန်မှုတွေ၊ အငြင်းပွားစရာကိစ္စရပ်တွေလည်းရှိနိုင်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးဟိန်းက ပြောပါတယ်။
"ဝေဖန်မှုတွေရှိတာဖြစ်နိုင်ပါတယ်။ကျနော်တို့က အချိန်တိုတွင်းဆောင်ရွက်ရတယ်။ စာရင်းမမှားအောင်လည်း အမှန်တကယ်ရသင့်တဲ့သူဖြစ်အောင်ဆောင်ရွက်ရတယ်။ ဒါကြောင့် အငြင်းပွားဖွယ်ရာတွေလည်းရှိနိုင်ပါတယ်။ လက်ရှိစာရင်းကတော့အောက်ခြေကတက်လာတဲ့စာရင်းကိုတော့ယူထားတယ်။ ဗဟိုကို ပြန်တင်ပြမယ်။"လို့ ဦးမိုးဟိန်းကဆိုပါတယ်။
စားသောက်ကုန်တွေဖြန့်ဝေတဲ့အခါမှာလည်း လူစုလူဝေးမဖြစ်အောင် ခရိုင်ကနေ မြို့နယ်၊ ရပ်ကွက်အဆင့်အထိကို ထောက်ပံ့မယ် အခြေခံစားသောက်ကုန် ၅ မျိုးကို တစ်ထုပ်ခြင်းစီထုပ်ပြီး ပေးဝေဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
နိုင်ငံတော်အစိုးရက ဆီ ၅၀ သား၊ ဆန် ၈ ပြည်၊ ပဲ ၁ ပိသာ၊ ဆား ၅၀သား ၊ ကြက်သွန်နီ ၂ ပိ သာကို မနက်ဖြန် ဧပြီ ၁၀ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာ စတင်ထောက်ပံမှာဖြစ်ပြီး ဒီအစီအစဉ်ဟာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုတွေအတွက်အဓိက လုပ်ဆောင်တာဖြစ်ပါတယ်။
" အိမ်ထောင်စုတွေရွေးတဲ့အခါမှာ ဝင်ငွေလုံးဝ မရှိသူ၊ အလုပ်ပြတ်နေသူ ၊ဒီထောက်ပံ့မှုမှမရရင် အခက်အခဲရှိတယ်ဆိုတဲ့ အိမ်ထောင်စုတွေကို အဓိကရွေးချယ်တာပါ။ ရှင်းရှင်းပြောရရင် ခေါင်းရွက်ဗျက်ထိုးဈေးသည်ချင်းတူရင်တောင် ယောကျ်ားရှိသူထက် ယောကျ်ားမရှိတဲ့သူကို ပိုဦးစားတယ်။ လိူင်သာယာမှာတော့ အိမ်ထောင်စု ၄၀၀၀၀ ကျော် စာရင်းရပါတယ်။"လို့ လိူင်သာယာမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောပါတယ်။
စားသောက်ကုန်တွေကို မနက်ဖန် ဧပြီ ၁၀ ရက်မှာစတင်ဖြန့်ဝေမှာမှန်ပေမယ့် တစ်ရက်ထဲ ဖြန့်ဝေ ပြီးစီးနိုင်မှုမရှိတာကြောင့် နောက်ရက်တွေအထိပါ ဖြန့်ဝေပေးမှာဖြစ်ပြီး အခြေခံစားသောက်ကုန်တွေကတော့ အဆင်သင့်အနေအထား ဖြစ်နေပြီလို့သိရပါတယ်။
ရန်ကုန်တိုင်း တစ်တိုင်းလုံးမှာ လူဦးရေစုစုပေါင်း ၇ သန်းကျော်နေထိုင်တယ်လို့ သိရပါတယ်။