ကုမ္ပဏီတာဝန်ရှိသူအားလုံးကို တရားစွဲသွားမှာပါ။

အစိုးရတာဝန်ရှိသူတွေကတိပေးထားတဲ့အတိုင်း ရှယ်ယာတွေပြန်ဝယ်မယ့်ကိစ္စ (၃)ပတ်အတွင်းမထူးခြားပါက ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီး YUPT ကုမ္ပဏီကိုတရားစွဲသွားမှာ ဖြစ်တယ်လို့ ရှယ်ယာရှင်တွေကပြောပါတယ်။ 

YBS ယာဉ်လိုင်းတွေပြေးဆွဲနေတဲ့ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ YUPT ကုမ္ပဏီက ရှယ်ယာရှင်တွေကို (၃)နှစ်ဆက်တိုက် အမြတ်ငွေမပေးတာနဲ့ ပတ်သက်ပြီး ရှယ်ယာရှင်တွေဘက်က ရှယ်ယာတွေပြန်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ အစိုးရဘက်က ရှယ်ယာတွေကို ပြန်ဝယ်မယ်ဆိုပြီး ရှယ်ယာရှင်တွေကို ကတိပေးပြောကြားထားပေမယ့် ယနေ့ထိထူးခြားမှုမရှိသေးတာကြောင့် ရှယ်ယာရှင်တွေဘက်က ကုမ္ပဏီကိုတရားစွဲဆိုဖို့ ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။

“ ဒေါ်နီလာကျော်က ကျွန်တော်တို့ ရှယ်ယာတွေကို ကုမ္ပဏီကနေပြန်ဝယ်ပေးမယ်ဆိုပြီး ကတိပေးထားတာ။ ဒါပေမယ့် အခုထိထူးခြားမှုမရှိဘူး။ ကျွန်တော်တို့ကလည်း အစိုးရတာဝန်ရှိသူတွေဘက်က ပြန်ဝယ်ပေးမယ်ဆိုတော့စောင့်တာပေါ့။ အချိန်ကာလသာ (၃)လကျော်သွားတယ်၊ ဘာမှထူးမလာလို့ အခုသတင်းစာရှင်းလင်းပွဲလုပ်တာ။ အခုသတင်းစာရှင်းလင်းပွဲလုပ်တဲ့နေ့ကစပြီး နောက်ထပ် အချိန်(၃)ပတ်ထိ ကျွန်တော်တို့ကို သူတို့ဘက်က ဘာအကြောင်းပြန်လာမလဲစောင့်မယ်။ ဘာမှမထူးဘူးဆိုရင်တော့ ကုမ္ပဏီကတာဝန်ရှိသူအားလုံးကို တရားစွဲသွားမယ်” လို့ YUPT ကုမ္ပဏီရဲ့ မတည်ရှယ်ယာရှင် ဦးထွန်းဦးက Duwun ကိုပြောပါတယ်။  

YUPT ကုမ္ပဏီဟာ အစိုးရမဟုတ်တဲ့ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရှယ်ယာရှင်ပေါင်း (၂၈၀)ကျော်ထဲကမှ (၂၂၉)ဦးက ရှယ်ယာတွေပြန်ထုတ်ပေးဖို့တောင်းဆိုနေတာလည်းဖြစ်ပါတယ်။

ကုမ္ပဏီကိုတရားစွဲဆိုဖို့ ကိစ္စမှာ မတည်ရှယ်ယာရှင်တွေကသာဦးဆောင်ပါက ရှယ်ယာရှင်တွေက နောက်ကလိုက်ဖို့ အားလုံးအဆင်သင့်ပဲလို့ ရှယ်ယာရှင်တစ်ဦးကပြောပါတယ်။ 

“ ရှယ်ယာရှင်တွေရဲ့ ကိုယ်စား ခေါင်းဆောင်တဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။ သူတို့ကတော့ အားလုံးသင့်တော်မယ့်ချိန်မှာ လုပ်မယ်လို့ ယူဆပါတယ်။ အဲဒီအချိန်ကျမှ ကျွန်တော်တို့က စုပေါင်းပြီးလုပ်မှာပေါ့။ တစ်ခုခုဆို ကျွန်တော်တို့ရှယ်ယာရှင်တွေဘက်က နောက်ကလိုက်ဖို့ အသင့်ပါ”လို့ ရှယ်ယာရှင် ကိုဇော်ဇော်က Duwun ကိုပြောပါတယ်။ 

YUPT ကုမ္ပဏီအနေနဲ့ လက်ရှိမှာ ယာဉ်လိုင်းပေါင်း(၁၉)လိုင်း ကားအစီးရေ (၁၀၀၀)နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး အမြတ်ငွေမရှိတာကြောင့် ရှယ်ယာရှင်တွေကို (၃)နှစ်ဆက်တိုက် အမြတ်ငွေမပေးနိုင်တာလည်းဖြစ်ပါတယ်။ 

အစိုးရ တာဝန်ရှိသူတွေဘက်က ကတိပေးထားတဲ့အတိုင်း ရှယ်ယာတွေကိုသာ ပြန်ဝယ်ပေးပါက ရှယ်ယာရှင်တွေဘက်က တရားစွဲဆိုတာတွေ၊ ဆန္ဒပြတာတွေလုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။ အချိန်(၃)ပတ်တာကာလအတွင်း ရှယ်ယာရှင်တွေကို အကြောင်းပြန်ကြားခြင်းမရှိမှသာ လုပ်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရှယ်ယာရှင်တွေကပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က