UFC လိုက်ဝိတ်တန်းရဲ့ ချန်ပီယံပွဲအဖြစ် ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ခါဘစ်က ရုရှနိုင်ငံတွင်းက ထွက်ခွာဖို့ အဆင်မပြေဖြစ်ခဲ့လို့ ပွဲစဉ်ပျက်ပြယ်ခဲ့ရတဲ့အပေါ် တိုနီဖာဂူဆန်က ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။
UFC 249 မှာ ခါဘစ်နဲ့ ထိုးသတ်ရမယ့်ပွဲ ပျက်ပြယ်ခဲ့ပြီးနောက် အမေရိကန်ဖိုက်တာတိုနီဖာဂူဆန်က ခါဘစ်ကို အရှုပ်ထုပ်လို့ ပြောဆိုခဲ့သလို ခွေးတစ်ကောင်လိုအမြီးကုပ်နေတယ်လို့လည်း ကြမ်းကြမ်းတမ်းတမ်းပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲကိုတော့ ဧပြီလ ၁၈ရက်နေ့မှာ တံခါးပိတ်ကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပြီး လိုက်ဝိတ်တန်းချန်ပီယံပွဲစဉ်အဖြစ် ထိုးသတ်ရမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရုရှနိုင်ငံတွင်းကို ရောက်ရှိနေခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ခါဘစ်ဟာ နိုင်ငံတွင်းက ထွက်ခွာဖို့အဆင်မပြေဖြစ်ခဲ့ပြီး ထိုးသတ်နိုင်မှာမဟုတ်တော့ဘူးလို့ သူ့ရဲ့အင်စတာဂရမ်ကနေ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် တိုနီဖာဂူဆန်က ဒေါသထွက်နေခဲ့ပြီး ခါဘစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
ဖာဂူဆန်ကလည်း တွစ်တာဗီဒီယိုကတဆင့် "ခါဘစ်၊ ဒီပွဲကို သူမထိုးသတ်ချင်ဘူးဆိုတာ ကျွန်တော်သိပြီးသားပါ၊ သူ့အနေနဲ့ အဘူဒါဘီကနေ ပြန်လာလို့ရတဲ့ အခွင့်အရေးရှိခဲ့ပါတယ်၊ ပြီးတော့ သူ့မှာ ကိုယ်ပိုင်လေယာဉ်တစ်စီးနဲ့ အမေရိကန်ကို လာနိုင်တဲ့ ပါ၀ါလည်း ရှိနေတာပါ၊ သူ ဒီလိုမျိုးလုပ်တာ ၂ ခါရှိသွားပါပြီ၊ ပြီးခဲ့တဲ့ ၈ နှစ်အတွင်းမှာ ကျွန်တော့်အလုပ်ကို ကျွန်တော်တိတိကျကျပဲ လုပ်ခဲ့ပါတယ်"
"ကျွန်တော့်အလုပ်ကို ကျွန်တော်အာရုံစိုက်ခဲ့ပါတယ်၊ ခါဘစ်နဲ့ မက်ဂရီဂေါ်တို့က သူတို့ရဲ့အမြီးတွေကို ခြေထောက်တွေကြားထဲ ဖွက်ပြီးပြေးနေတဲ့ ခွေးတွေလိုပါပဲ၊ သူတို့ကတော့ တကယ့်ချီးထုပ်တွေပါ၊ ခါဘစ်ကလည်း တကယ့်အရှုပ်ထုပ်ပဲ" လို့ တိုနီဖာဂူဆန်က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ခါဘစ်ရဲ့ နေရာကို အစားထိုးသွားဖို့ စီစဉ်နေပြီး မက်ဂရီဂေါ်လည်းဖြစ်နိုင်တယ်လို့ သိရပါတယ်။